အေတီအမ်ကဒ်များတွင် ဘဏ်မတူဘဲငွေထုတ်ယူပါကနှုန်းထားတိုးမြှင့်လိုက်ခြင်းကြောင့် နည်းပညာနှင့်ဝန်ဆောင်မှုပိုင်းများတွင်ပါကောင်းမွန်အောင် ဘဏ်များဘက်က ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းသတင်းရရှိသည်။
အေတီအမ်ကဒ်များတွင်ငွေထုတ်ယူရာတွင် ဘဏ်ခြင်းမတူပါက ကောက်ခံသည့် နှုန်းထားကို တိုးမြှင့်ရခြင်းမှာ နည်းပညာပိုင်းနှင့်ဝန်ဆောင်မှုများကို ပိုမိုကောင်းမွန်လာစေရန် လုပ်ဆောင်မည်ဖြစ်သောကြောင့် တိုးမြှင့်ရခြင်းဖြစ်ကြောင်း ကမ္ဘောဇဘဏ် ၏အကြီးတန်းအကြံပေး ဦးသန်းလွင်ကပြောသည်။
“ လောလောဆယ် ငွေတွေထုတ်ရခက်တာ error တွေဖြစ်တာ ကဒ်တွေညပ်တာတွေဖြစ်နေတော့ဒါမျိုးတွေမဖြစ်တဲ့ နည်းပညာတွေပြောင်းလဲဖို့ ဘဏ်တွေက လုပ်ဖို့ရှိတယ် ဒါ့ကြောင့် နှုန်းထားတွေကို တိုးလိုက်ရတာဖြစ်ပါတယ် အသုံးပြုသူတွေအနေနဲ့ စောင့်ကြည့်ပြီးမှ ဝေဖန်ပေးပါ အရင်ကထက်စာရင် ပိုပြီးကောင်းတဲ့ဝန်ဆောင်မှုတွေဖြစ်လာဖို့ ဘဏ်တွေက လုပ်နေတာပါ “ ဟု ဥိးသန်းလွင်က စံတော်ချိန်ကို ပြောသည်။
အေတီအမ်စက်များတွင် ငွေထုတ်ယူရာတွင် ကောက်ခံနေသည့် နှုန်းထားများကို လာမည့်၂၀၁၈ ဇန်န၀ါရီ ၁ရက်မှစပြီး လက်ရှိ ၀ဒသမ၂ရာခိုင်နှုန်း ကောက်ခံရာမှ ၀ဒသမ၅ရာခိုင်နှုန်းအထိကောက်ခံမည်ဟု နိုဝင်ဘာ၂၈ရက်က Myanmar Payment Union ကထုတ်ပြန်ထားပြီဖြစ်သည်။
မြန်မာငွေကျပ် ၂၀၀မှ ဇန်န၀ါရီ ၁ရက်တွင် ၅၀၀ကျပ် ကောက်ခံမည့်သဘောပင်ဖြစ်သည်။
နောက်ပိုင်းတွင် တစ်နိုင်ငံလုံးရှိအေတီအမ်စက်များတွင် နည်းပညာမြင့်သည့်ကဒ်များဖြစ်သော VISA ကဒ် ၊ Credit ကဒ်များ ပိုမိုလွယ်ကူလျှင်မြန်စွာ အသုံးပြုနိုင်ရန် အတွက် ကြိုတင်ပြင်ဆင်သည့် အနေဖြင့် နှုန်းထားကို တိုးမြှင့်ခြင်းဖြစ်သည်ဟု ယူနိုက်တက်အမရာဘဏ်မှ အဆင်မြင့်အရာရှိတစ်ဦးကရှင်းပြသည်။
ထို့ကြောင့် အေတီအမ်စက်များကိုအသုံးပြုသူများက လက်ရှိတွင် ၀န်ဆောင်မှုကောင်းအောင်ပင် မပေးနိုင်သေးဘဲ Transaction အတွက် Interchange Feeကိုတိုးမြှင့်ကောက်ခံခြင်းအားဝေဖန်လျှက်ရှိသည်။
တစ်နိုင်ငံလုံးတွင် ကြိုတင်ငွေပေးကတ် (Debit Card) သုံးသန်းခွဲနှင့် အ ကြွေးဝယ်ကတ် (Credit Card) ခြောက်သောင်းကျော်သုံးစွဲနေ ကြောင်း Myanmar Payment Union မှထုတ်ပြန်ထားသည်။။ MPU သည် ပြည်တွင်းဘဏ် ၂၃ ဘဏ်နှင့် ချိတ်ဆက်ထားပြီး ငွေထုတ်ယူနိုင်ခြင်းဝန်ဆောင်မှူများကို လုပ်ဆောင်ပေးလျှက်ရှိသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com