၁၉၉၀ ပြည့်နှစ်နောက်ပိုင်း စီမံခန့်ခွဲမှု မှားယွင်းမှုများကြောင့် သမိုင်းတန်ဖိုးအရ အဖိုးမဖြတ်နိုင်သည့် ပုဂံ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေအတွင်း လိုက်လျောညီထွေ မရှိသည့် ဟိုတယ်နှင့် ခေတ်မီအဆောက်အအုံများ ပေါ်ပေါက်ခဲ့ရသည်။ ၁၉၉၀ ပြည့်နှစ်သည် ပုဂံမြို့သစ် အမည်ခံ ကွင်းပြင်ကြီးထဲကို ပုဂံမြို့ဟောင်း ဒေသခံများ ပြောင်းရွှေ့ခံခဲ့ရသောနှစ် ဖြစ်သည်။
ပုဂံအမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ခေတ်မီအဆောက်အအုံများနှင့် ဟိုတယ်ကြီးများကို ကင်းလွတ်ရာနေရာသို့ ပြောင်းရွှေ့ရန် ၂၀၁၃ ခုနှစ်ကတည်းက ယူနက်စကိုက အကြံပြုထားသည်။ ယူနက်စကို၏ အကြံ ပြုချက်နှင့် ပတ်သက်၍ လက်ရှိအချိန် စီမံဆောင်ရွက်နိုင်ခြင်း မရှိသေးကြောင်း မြန်မာနိုင်ငံဆိုင်ရာယူနက်စကို အမျိုးသားစီမံကိန်းအရာရှိ ဒေါ်ဥမ္မာမျိုးက ပြောသည်။
"အမွေအနှစ်ဇုန်ထဲက ဟိုတယ်ကြီးတွေနဲ့ပတ်သက်ပြီး ၂၀၁၃ ခုနှစ်ကတည်း က ယူနက်စကိုက တိုက်တွန်းခဲ့တယ်။ အခုချိန်ထိ ထူးခြားမှု မရှိသေးဘူး" ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။ပုဂံရှေးဟောင်းယဉ်ကျေးမှုနယ်မြေကို ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်နိုင်ရေး ယူနက်စကိုသို့ တင်ပြမည့် ပုဂံဇုန်စီမံခန့်ခွဲမှု မူကြမ်းကို ယခုလဆန်းပိုင်းတွင် ရေးဆွဲခဲ့ပြီးဖြစ်သည်။ အဆိုပါမူကြမ်းအရ ပုဂံအမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ဟိုတယ်ကြီးများနှင့် ခေတ်မီအဆောက်အအုံ များ ရွှေ့ပြောင်းပေးရမည် ဖြစ်သည်။
ယူနက်စကိုက အကြံပြုထားသည့် ပုဂံဒေသ စီမံခန့်ခွဲမှုစီမံကိန်း (Management Plan) အရ အဆိုပါ ဟိုတယ်ကြီးများကို အရင်းကျေကာလ ၁၀ နှစ်မှ ၁၅ နှစ် ထပ်တိုးပေးပြီးနောက် ရွှေ့ပြောင်းပေးရန် ဖြစ်သည်။
ယူနက်စကိုစီမံကိန်းအရ ရှေးဟောင်းအမွေအနှစ် ဘုရားပုထိုးများအတွင်း တည်ဆောက်ထားသည့် ဟိုတယ်ကြီးများကို အမွေအနှစ်ဒေသနှင့်လိုက်လျောညီထွေ မရှိသည့် အဆောက်အအုံများအဖြစ် သတ်မှတ်ထားသည်။ သတ်မှတ်ကာလ ကျော်လွန်ပါက အမွေအနှစ်ဇုန်နှင့် လိုက်လျောညီထွေမှု မရှိသည့် အဆိုပါဟိုတယ်အဆောက်အအုံများကို ပြောင်းရွှေ့ပေးရမည်ဟု ဒေါ်ဥမ္မာမျိုး က ပြောသည်။
"ဟိုတယ်ကြီး ခုနစ်လုံးကိုပဲ ရည်ရွယ်တယ်။ ကျန်တဲ့ဟာတွေက ဒေသခံနဲ့ တစ်နိုင်တစ်ပိုင်ဖြစ်မယ်၊ ဘေးမှာထိခိုက်ခံရမယ့် အမွေအနှစ်တွေမရှိဘူးဆိုရင် စည်းမျဉ်းစည်းကမ်းနဲ့အညီ ဆက်လုပ်လို့ရတယ်။ ရှိသမျှ ဟိုတယ် အကုန်လုံးကို ပြောင်းရမယ်လို့ မဆိုလိုဘူး"ဟု ၎င်းက ပြောသည်။
ရှေးဟောင်း သုတေသနနှင့် စာကြည့်တိုက်ဦးစီးဌာနအဆိုအရ သတ်မှတ် ကာလကျော်လွန်ပြီးနောက် ပြောင်းရွှေပေးရမည့် လျာထားစာရင်းတွင် ဆောက်လက်စ အေဒင်လုပ်ငန်းစုပိုင် ဟေလ်တန်ပုဂံဟိုတယ်၊ ဧရာဟိုတယ် (Ayar River View)၊ ဟိုတယ် သရပါဂိတ်၊ သီရီပစ္စယာဆန်ကျူရီဟိုတယ်၊ အမေးဇင်း ဟိုတယ် (Amazing hotel)၊ အော်ရီယမ်ပဲလေ့စ် (Aureum Palace Hotel) နှင့် ပုဂံသံတဲ ဟိုတယ်များ ပါဝင်သည်။
အမွေအနှစ်ဇုန်အတွင်း ဟိုတယ်အဆောက်အအုံများနှင့် ပတ်သက်၍ ပြီးခဲ့သည့် အစိုးရသက်တမ်းအတွင်း ဆွေးနွေးမှုများရှိခဲ့သည်။ သို့ရာတွင် လက်ရှိအချိန်အထိ အရေးယူဆောင်ရွက်နိုင်ခြင်း မရှိသေးပေ။
"ဘာဖြစ်လို့ အရေးယူနိုင်ခြင်း မရှိသေးလဲဆိုတော့ အရင်က မှားယွင်းခဲ့တဲ့ စီမံခန့်ခွဲမှုတွေက ဒါတွေအပြင် တခြားဟာတွေလည်း အများကြီးပဲ။ ဒီအမှားတွေကို ဘယ်လိုပြန်ပြင်ဆင်ဆောင်ရွက်မလဲဆိုတာ အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ဖို့ လိုအပ်ပါတယ်"ဟု ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန(ပုဂံဌာနခွဲ) ညွှန်ကြားရေးမှူး ဦးအောင်အောင်ကျော်က ပြောသည်။
ပုဂံဒေသ ကမ္ဘာ့အမွေအနှစ်တင်သွင်းရေး၊ ရှေးဟောင်း ဇုန်နေရာပြင်ဆင် သတ်မှတ်ရေး၊ ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ်များ ကာကွယ်ထိန်းသိမ်းရေး ဥပဒေပြင်ဆင်ရေးအပြင် မြောက်ဦးဒေသ ကမ္ဘာ့အမွေအနှစ် တင်သွင်းရေး စသည့် ကိစ္စရပ်များကြောင့် ပုဂံအမွေအနှစ်ဇုန်အတွင်းရှိ ဟိုတယ်များအရေး ဆွေးနွေးနိုင်ခြင်း မရှိသေးဟု ၎င်းက ပြောသည်။
"နောက်ပိုင်းကျမှ သက်ဆိုင်ရာဌာနတွေဖြစ်တဲ့ ဟိုတယ်နှင့် ခရီးဝန်ကြီးဌာန၊ ရှေးဟောင်းသုတေသနဌာန၊ တိုင်းဒေသကြီးအစိုးရနဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ စုစည်းပြီးတော့ ဆွေးနွေးပြီးမှ ဒါကိုဆုံးဖြတ်ရမယ်" ဟု ဦးအောင်အောင်ကျော်က ပြောသည်။
လက်ရှိအချိန်ထိ ပုဂံ၌ ဟိုတယ် ၈၅ လုံးနှင့် အခန်းပေါင်း ၂,၉၁၀ ခန်းရှိပြီး ပုဂံသံတဲနှင့် ဟိုတယ်သရပါ ဂိတ်သည် ဟိုတယ်နှင့် ခရီးသွားလာရေးဝန်ကြီးဌာန လက်အောက်ရှိ နိုင်ငံပိုင်ဟိုတယ်များဖြစ်သည်။ သီရီပစ္စယာ ဆင်ကျူရီ ရီဆော့ဟိုတယ်ကို (EXE Sakura) ဂျပန်ကုမ္ပဏီသို့ နှစ် ၅၀ (BOT) စနစ်ဖြင့် လုပ်ကိုင်ခွင့်ပေးထားကြောင်း ဟိုတယ်နှင့် ခရီးသွားကြီးကြပ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးမျိုးဝင်းညွန့်က ပြောသည်။
ပုဂံသံတဲဟိုတယ်ကို ပြည်တွင်းလုပ်ငန်းရှင် ဦးကျော်စိန် (ုစေစှေုညအနမညအေငသညေူ) ကုမ္ပဏီသို့ ၂၀ဝ၂ ခုနှစ်ကစပြီး နှစ် ၂၀ အငှားစာချုပ်ဖြင့် ငှားရမ်း ထားပြီး ဟိုတယ်သရပါ ဂိတ်ကို ပြည်တွင်းလုပ်ငန်းရှင် ဦးအောင်ကျော်ညွန့်သို့ ၁၉၉၄ ခုနှစ်ကစပြီး နှစ် ၃၀ အငှားချထားသည်ဟု ၎င်းက ပြောသည်။
"နိုင်ငံတော်အစိုးရက ဒီအဆောက်အအုံတွေကို တခြားနေရာပြောင်းရွှေ့ ရမယ်လို့ ဆုံးဖြတ်ပေးတယ်ဆိုရင်တော့ လိုက်နာရမှာပေါ့" ဟု ဦးမျိုးဝင်းညွန့်က ပြောသည်။
ပြီးခဲ့သည့်အစိုးရသက်တမ်းအတွင်း ဧရာဟိုတယ် (Kappa International) ကို ပုဂ္ဂလိက လုပ်ငန်းရှင်လက်သို့ အပြီးရောင်းစားခဲ့သည်ဟု ညောင်ဦးမြို့နယ် ကိုယ်စားပြု မန္တလေးတိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်ခိုင်က ပြောသည်။
အေဒင်အုပ်စုပိုင် ဟေလ်တန်ပုဂံဟိုတယ်နှင့် ပတ်သက်၍ "ဟေလ်တန် ပုဂံကိုလာမည့် ၂၀၁၉ ခုနှစ်မှာ ဖွင့်နိုင်ဖို့ရည်ရွယ်ထားပြီး ဟေလ်တန်အင်းလေး ကို ၂၀၂၀ ခုနှစ် မှာ ဖွင့်လှစ်နိုင်ဖို့ ဆောင်ရွက်နေတယ်"ဟု အေဒင်လုပ်ငန်းစု ဥက္ကဋ္ဌ ဦးချစ်ခိုင်က စက်တင်ဘာလအတွင်း မြန်မာတိုင်း(မ်)နှင့် တွေ့ဆုံစဉ် ပြောကြားခဲ့သည်။
ဟေလ်တန်ပုဂံဖွင့်လှစ်ရန် ဆောင်ရွက်နေသည့် နေရာတွင် ရှေးဟောင်း အမွေအနှစ် ပုဂံဘုရားအဆူ ၂၂ ဆူ ရှိသည်ဟု ပုဂံဒေသရှေးဟောင်းအမွေအနှစ် အဆောက်အအုံများ စာရင်းကောက်ယူချက်အရ သိရသည်။
ပုဂံဒေသကို ကမ္ဘာ့အမွေအနှစ်စာရင်းသွင်းရန် အဆိုပြုလွှာလျှောက်ထားရာတွင် ယဉ်ကျေးမှုနှင့်ပတ်သက်သည့် သက်သေခံအချက် ခြောက်ချက်ရှိသည့်အနက် အချက် သုံးခုနှင့် တင်သွင်းမည်ဖြစ်သည်။ အဆိုပါအချက်များတွင် ပုဂံခေတ်မှ ယနေတိုင်တည်ရှိနေသော ကျေးရွာများနှင့် ပွဲတော်များလည်း ပါဝင်သည်။
အမွေအနှစ်ဒေသအတွင်းရှိ ကျေးရွာ၊ မြို့များတွင် နေထိုင်သည့် ဒေသခံများအတွက် ဘက်ပေါင်းစုံပါဝင်သည့် စီမံခန့်ခွဲရေးစနစ်တစ်ရပ်ကို ယူနက်စကိုက အဆိုပြုရေးဆွဲပေးခဲ့ရာတွင် ဒေသခံများ လိုက်နာရမည့် အဆောက်အအုံဆိုင်ရာ စည်းကမ်းသတ်မှတ်ချက်များ ပါဝင်သည်။
"ရှေးဟောင်း အမွေအနှစ်တွေကို မထိခိုက်ဘဲ ဒေသခံပြည်သူတွေ အကျိုးစီးပွားကို ဖွံ့ဖြိုးတိုးတက်နိုင်မယ့် ကိစ္စရပ်များကို လုပ်ဆောင်နိုင်ဖို့အတွက် လိုအပ်တဲ့၊ သင့်လျော်တဲ့ စီမံခန့်ခွဲမှုတစ်ရပ်ကို တည်ထောင်ပေးဖို့ အဆိုပြုတာပါ" ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
သို့ရာတွင် အရေးကြီးသည့်အမွေအနှစ်ဇုန်ထဲ ပါဝင်နေသည့် ကျေးရွာ ခြောက်ရွာသည် ယူနက်စကို၏ ဥပဒေ မူဘောင်သတ်မှတ်ချက်နှင့် သဘောကွဲလွဲမှုရှိခဲ့သည်။ ထို့ကြောင့် အရေးကြီးသည့်အမွေအနှစ်ဇုန် (Properties zone) မှ ကြားခံဇုန် (Buffer zone)သို့ ပြောင်းပေးရန် ဒေသခံများက ဆန္ဒရှိခဲ့သည်။
အရှေ့ဖွားစော၊ အနောက်ဖွားစော၊ မင်းနန်သူ၊ သူဌေးကန်၊ တောင်ဘီနှင့် မြင်းကပါ ကျေးရွာများသည် ပုဂံခေတ်မှ ယနေ့တိုင် လူနေထိုင်ဆဲ ကျေးရွာများ ဖြစ်သည်။ ထို့ပြင် ၎င်းကျေးရွာအတွင်း ရှေးဟောင်းအမွေအနှစ်များ အမြောက်အမြား ကျန်ရှိနေသေးသည်။
"၁၉၉၀ တုန်းက ဒေသခံတွေကို မြို့သစ်ကို အတင်းပြောင်းပြီးတော့ မြို့ဟောင်းထဲမှာ တခြားအဆောက်အအုံတွေ မပေါ်လာခဲ့ဘူးဆိုရင် ဒီရွာသူ ရွာသားတွေက ဘာပြဿနာမှ ရှာမှာမဟုတ်ဘူး။ အရင်တုန်းက ရခဲ့ဖူးတဲ့ သင်ခန်းစာတွေကြောင့် ဒေသခံတွေက ကြောက်တာပေါ့နော်"ဟု ဒေါ်ဥမ္မာမျိုး က ပြောသည်။
ထို့အတွက် ရှေးဟောင်းအမွေအနှစ်ကို မထိခိုက်စေဘဲ မြို့၊ ရွာနှင့် လိုက် လျောညီထွေရှိသည့် ပုံစံများ တည်ဆောက်နိုင်သည့် အဆောက်အအုံဆိုင်ရာ နည်းဥပဒေများ ပြုစုပေးထားခြင်းဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။ ပုဂံဒေသ စီမံခန့်ခွဲမှု စီမံကိန်းနှင့် အဆောက်အအုံဆိုင်ရာ နည်းဥပဒေ မူဘောင်များနှင့် စပ်လျဉ်းပြီး ယူနက်စကို တာဝန်ရှိသူများ၊ ဌာနဆိုင်ရာဌာန တာဝန်ရှိသူများနှင့် ကျေးရွာခြောက်ရွာက ကိုယ်စားလှယ်များ ယခုလ ၂၇ ရက်တွင် ပုဂံ၌ တွေ့ဆုံဆွေးနွေးခဲ့ကြသည်။
အဆောက်အအုံဆိုင်ရာ ဥပဒေမူဘောင်ပြုလုပ်ရာတွင် ကြိုတင်ညှိနှိုင်း ဆွေးနွေးခြင်းမရှိဘဲ ထွက်ရှိလာမှသာ သိရသောကြောင့် ယခုကဲ့သို့ နားလည် မှုလွဲမှားရခြင်းဖြစ်သည်ဟု မြင်းကပါ ကျေးရွာဒေသခံ ဦးညွန့်ဝင်းက ပြောသည်။
"ကျွန်တော်တို့ ဒေသခံတွေနဲ့ တိုက်ရိုက်သက်ဆိုင်တဲ့ အဆောက်အအုံဆိုင်ရာ ဥပဒေမူဘောင်လုပ်တာ တွေ့ဆုံဆွေးနွေးတာမျိုး တစ်ခါမှ မရှိခဲ့ဘူး။ ထွက်လာတဲ့အခါကျ သူတို့ ရေးထားတာနဲ့ ကျွန်တော်တို့ နားလည်တာ သဘောထားကွဲလွဲလို့ အခုလိုဖြစ်ရတာ။ အခုတော့ နားလည်မှုရသွားပါပြီ"ဟု ၎င်းက ပြောသည်။
ကျေးရွာ ခြောက်ရွာအနက် မြင်းကပါ ကျေးရွာသည် လူဦးရေ အထူထပ်ဆုံး ဖြစ်ပြီး ရှေးဟောင်းအမွေအနှစ် အများဆုံးရှိသော ရွာဖြစ်သည်။ ထို့ကြောင့် မြင်းကပါ ကျေးရွာကို စီမံခန့်ခွဲရေး အရေးတကြီး ဆောင်ရွက်ပေးရန် လိုအပ်လျက်ရှိသည်။
"မြင်းကပါက ဒီတိုင်းထားလို့ မရတော့ဘူး။ တိုးတက်လာမယ့် လူဦးရေအတွက် ရွာသစ်တည်ထောင်ပေးရမယ်။ အစိုးရက တခြားနေရာမှာ ရေ၊ မီးစတဲ့ အခြေခံအဆောက်အအုံ အစုံနဲ့ ရွာသစ်တည်ပေးရမယ်။ အဲဒီလို မဟုတ်ရင် ပြဿနာက ရှင်းလို့ရမှာ မဟုတ်တော့ဘူး"ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
ကမ္ဘာ့အမွေအနှစ် စာရင်းတင်သွင်းရမယ့် အဆိုပြုလွှာစာတမ်းတွင် ဟိုတယ်များနှင့် ပတ်သက်ပြီး စီမံခန့်ခွဲမည့် အကြောင်းအရာများကို ထည့်သွင်းဖော်ပြရမည်ဖြစ်သော်လည်း ပုဂံအမွေအနှစ်ဇုန်အတွင်း ကျရောက်နေသည့် ဟိုတယ်များနှင့် ပတ်သက်၍ ယခုအချိန်ထိ အဖြေရှာနေဆဲသာ ဖြစ်သည်။
"မြေပြင်ကွင်းဆင်း လေ့လာတဲ့အခါ စာတွဲထဲမှာ ရေးထားတာနဲ့ ကိုက်ညီမှုရှိ၊ မရှိ ပညာရှင်တွေက ဆုံးဖြတ်မယ်။ ရလာတဲ့ အပြီးသက်ရလဒ်ကို ယူနက်စကို ကော်မတီကို တင်မယ်။ ကော်မတီက လာမယ့်အစည်းအဝေးမှာ ပေးသင့် မပေး သင့်ဆုံးဖြတ်မယ်။ အဲဒါက စောင့်ကြည့်ရမှာပဲ" ဟု ဒေါ်ဥမ္မာမျိုးက ပြောသည်။
Credit: Myanmar Times