အင်္ဂလန်နိုင်ငံ၊ လန်ဒန်မြို့တွင် တစ်ချိန်က ဘီသိုဗင်၏ ပီယာနိုများ ထုတ်လုပ်ပေးခဲ့ဖူးသည့် တူရိယာပစ္စည်းစက်ရုံဟောင်းကို တန်ဖိုးကြီးဇိမ်ခံလူနေခန်းများအဖြစ် ပြောင်းလဲတည်ဆောက်လျက်ရှိရာ ယခုအခါ အပြီးသတ်ပြီးစီးသွားခဲ့ပြီ ဖြစ်သည်။
အဆိုပါပီယာနိုစက်ရုံမှ ဘီသိုဗင်၊ စထရော့စ်နှင့် စီဘီလီယပ်စ်တို့အတွက် ပီယာနိုများ ထုတ်လုပ်ပေးခဲ့သည်။
ယင်းပီယာနိုစက်ရုံဟောင်းကို ၃ နှစ်ကြာ ပြုပြင်ဆောက်လုပ်မှုများ ပြုလုပ်ပြီးနောက် ယခုအခါ တန်ဖိုးကြီး ဇိမ်ခံလူနေခန်း ၁၀ ခန်းအဖြစ် ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။
အိပ်ခန်း ၃ ခန်းနှင့် ၄ ခန်းပါ လူနေခန်းများအဖြစ် ပြောင်းလဲဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တည်နေရာမှာ လန်ဒန်မြောက်ပိုင်း၊ ကမ်ဒန်အရပ်တွင် တည်ရှိသည်။
ဝိတိုရိယခေတ် စက်ရုံအဆောက်အအုံဖြစ်ကာ ၁၈၆၆ ခုနှစ်တွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး Chappell & Co ပိုင်ဆိုင်သည့် စက်ရုံလည်း ဖြစ်သည်။
အဆိုပါ စက်ရုံသည် ဂီတတူရိယာနှင့် ပီယာနိုများကို နှစ်ပေါင်း ၁၀၀ ကျော် ထုတ်လုပ်ပေးခဲ့သည်။
ပထမကမ္ဘာစစ်အတွင်း လက်နက်ခဲယမ်းစက်ရုံအဖြစ် အသုံးပြုခဲ့ပြီး ဒုတိယကမ္ဘာစစ်ကြီးအတွင်းတွင်မူ ဗြိတိသျှတော်ဝင်လေတပ်၏ စက်ရုံအဖြစ် အသုံးပြုခဲ့သည်။
၁၉၇၀ ပြည့်နှစ်တွင် ပီယာနိုစက်ရုံအဖြစ်မှ ပိတ်သိမ်းပြီး မကြာသေးမီနှစ်များအထိ ကုန်ထုတ်လုပ်ရေးကုမ္ပဏီများကို နေရာအငှားချထားခဲ့သည်။
Hallmark Property Group ဆောက်လုပ်ရေးကုမ္ပဏီက အဆောက်အအုံ၏ နောက်ဘက်မျက်နှာစာကို ချဲ့ထွင်လိုက်ပြီး မြေအောက်ခန်းနှင့်အထပ်သစ်များ တိုးချဲ့ဆောက်လုပ်ခဲ့ရာ ရှစ်ထပ်အဆောက်အအုံဖြစ်လာခဲ့သည်။
အဝင်ပေါက်ဂိတ်တံခါးဝကို ပီယာနိုခလုတ်များ၊ တူရိယာကြိုးများအသွင် အလှဆင်မွမ်းမံထားသည်။
လူနေခန်းများကို ပေါင် ၃ ဒသမ ၂၅ သန်း (ကန်ဒေါ်လာ ၄ ဒသမ ၃၀ သန်း) မှ ပေါင် ၈ ဒသမ ၅ သန်း ( ကန်ဒေါ်လာ ၁၁ ဒသမ ၂၅ သန်း) အကြား ရောင်းချဖွယ်ရှိသည်။Penthouse ခန်းကို ရောင်းချခဲ့ပြီးဖြစ်ကာ ဈေးနှုန်းကိုမူ မသိရချေ။
ယခုအခါ ဝယ်ယူရရှိနိုင်သည့် လူနေခန်း ၉ ခန်းကျန်ရှိနေသည်။
မြေညီထပ်တွင် နားနေခန်း၊ အရက်ဘား၊ ဒီဂျေခန်း၊ ရေကူးကန်နှင့် အားကစားလေ့ကျင့်ရေးခန်းမတို့ ပါဝင်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)