အိမ် ခြံ မြေ ဈေးကွက်အား လက်ရှိအနေအထားထက် ပိုမိုကောင်းမွန်လာစေရန်အတွက် အမြန်ဆုံးလုပ်ဆောင်သင့်ကြောင်း မြန်မာ့အိမ် ခြံ မြေ အသိုင်းအ၀ိုင်းမှ သုံးသပ်ပြောဆိုသည်။
၂၀၁၅ ခုနှစ် မတိုင်မီအထိ အရှိန်အဟုန်ကောင်းဖြင့် သွားနေသော အိမ် ခြံ မြေ ဈေးကွက်မှာ လက်ရှိအချိန်တွင် ယခင်ကာလနှင့် နိှုင်းယှဉ်ပါက လျော့ကျသွားခဲ့သည်။ထိုကဲ့သို့ လျော့ကျလာမှုသည် အချိန်ကြာမြင့်ပါက ဈေးကွက်အတွင်းထိခိုက်မှုရှိလာနိုင်ကြောင်း ၊ အမြန်ဆုံးပြန်လည်ကောင်းမွန်လာစေရန် လုပ်ဆောင်သင့်ကြောင်း မြန်မာနိုင်ငံ အိမ် ခြံ မြေ ၀န်ဆောင်မှုအသင်း (ဗဟို)မှ ဒုတိယဥက္ကဌဖြစ်သူ ဦးသန်းဦးမှ ပြောဆိုသည်။
””အစိုးရအနေနဲ့ အိမ် ခြံ မြေ အရောင်းအ၀ယ်တွေပိုပြီးကောင်းလာအောင် ၊ သွက်လက်မြန်ဆန်လာအောင်လုပ်သင့်တယ်။လက်ရှိသွားနေတဲ့ အနေအထားထက် ပိုကောင်းလာအောင်လုပ်ဖို့လိုတယ်။မူဝါဒပိုင်းဆိုင်ရာအရ ပြင်ဆင်စရာရှိတာတွေပြင်ဆင်ရမယ်။အခွန်ကဏ္ဍမှာလည်း လျှော့ချပေးနိုင်တာကိုလျှော့ချပေးရမယ်။တစ်ပေပတ်လည် စံနှုန်းတွေဆိုလည်း ပြင်ဆင်ပေးခဲ့ပြီးဖြစ်ပေမယ့် မြေပြင် အနေအထားနဲ့ နှိုင်းယှဉ်ပြီး လုပ်ရမယ်။ပြင်ဖို့နောက်မကျသေးပါဘူး။အိမ် ခြံ မြေ ဈေးကွက်ဟာ ငွေလှည့်ပတ်မှုများတဲ့ ဈေးကွက်ကြီးတစ်ခုပါ။ကောင်ေးနဖို့လိုပါတယ်။'''' ဟု ၎င်းမှဆိုသည်။
၂၀၁၇ နှစ်ဦးပိုင်းတွင် အခွန်နှုန်းထားလျှော့ချပေးနိုင်သည်ဟူသော မျှော်လင့်ချက်ဖြင့် အရောင်းအ၀ယ်ပိုင်းဆိုင်ရာအရ လှုပ်ခတ်မှုရှိခဲ့သော အိမ် ခြံ မြေ ဈေးကွက်ကို လက်ရှိ ကာလတွင်အငှားဈေးကွက် ဦးဆောင်လျက်ရှိနေသည်။၂၀၁၇ တစ်နှစ်လုံးကာလ၏ အိမ် ခြံ မြေ ဈေးကွက်သည် ၂၀၁၆ ခုနှစ် နည်းတူဖြစ်ခဲ့ကြောင်း နှင့် ၂၀၁၈ ခုနှစ်တွင် အိမ် ခြံ မြေဈေးကွက်ပိုမိုကောင်းမွန်လာစေရေးကြိုးပမ်းလုပ်ဆောင်သင့်ကြောင်း ဦးသန်းဦးမှ ဆက်လက်ပြောပြသည်။
မင်းချို မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com