ကမ္ဘာကျော်အမေရိကန်သရုပ်ဆောင် ဆယ်လ်မာဟေးယက်ခ်နှင့် ခင်ပွန်းဖြစ်သူ ဘီလျံနာ စီးပွားရေးလုပ်ငန်းရှင် ဖရန်ဆွာ ဟင်နရီ ပီးနော့ထ်တို့သည် ဂျပ်စတင်ဘီဘာနေထိုင်ခဲ့ဖူးသော လန်ဒန်နေအိမ်တွင် နေထိုင်ရန် ငှားရမ်းလိုက်ကြကြောင်း လန်ဒန်အခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဂျပ်စတင်ဘီဘာသည် လန်ဒန်တွင် စင်မြင့်တေးဂီတဖျော်ဖြေပွဲပြုလုပ်စဉ် အဆိုပါနေအိမ်ကို ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။
ဂျပ်စတင်ဘီဘာသည် အိပ်ခန်း ၁၅ ခန်းပါသည့် ယင်းနေအိမ်ကြီးကို အိမ်လခ ပေါင် ၁၀၈၀၀၀ (မြန်မာငွေ သိန်း ၁၆၀၀ ကျော်) ဖြင့် ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။
လန်ဒန်တွင် Billionaire’s Row ဟုလည်း နာမည်ကျော်သည့် သန်းကြွယ်သူဌေးတန်းရှိ Bishops Avenue အမည်ပေးထားသော နေအိမ်ကြီးကို ၁၉၁၀ ပြည့်နှစ်တွင် ဆောက်လုပ်ခဲ့သည်။သကြားလုပ်ငန်းသူဌေးကြီး ဝီလျံ လိုင်လီအတွက် ဆောက်လုပ်ခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် အိမ်တွင်းရေကူးကန်၊ အားကစားလေ့ကျင့်ရေးခန်းမ၊ ရုပ်ရှင်ရုံ၊ ဝိုင်သိုလှောင်ခန်းနှင့် တင်းနစ်ကွင်းတို့ ဖြည့်တင်းဆောက်လုပ်ကာ ပြန်လည်မွမ်းမံခဲ့သည်။နေအိမ်အကျယ်အ၀န်းမှာ စတုရန်းပေ ၂၄၀၀၀ ခန့်ကျယ်ဝန်းပြီး ခြံဝန်းမှာ ၂ ဒသမ ၅ ဧကရှိသည်။ဆယ်လ်မာဟေးယက်ခ်က အိမ်လခမည်မျှဖြင့် ငှားရမ်းနေထိုင်ခဲ့သည်ကိုမူ မသိရချေ။
ဆယ်လ်မာဟေးယက်ခ်သည် လော့စ်အိန်ဂျလိမြို့ ၊ ဟောလိဝုဒ်ဟေးလ်တွင် နေအိမ်တစ်လုံး ပိုင်ဆိုင်ထားပြီး ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ မေလအတွင်းက အငှားချထားရန် ကြိုးပမ်းခဲ့ပုံကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက
https://www.imyanmarhouse.com/news/read/479786 အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)