အမှန်တကယ် အသုံးပြုခြင်းမရှိတဲ့ မြေဧက တစ်သန်းကျော်ကို အစိုးရအနေနဲ့ ပြန်လည်သိမ်းဆည်းရာမှာ မြေပိုင်ရှင်တွေဘက်က ပြန်လည်ဖြေရှင်းချက်တွေ ရှိနေတာကြောင့် ကွင်းဆင်းစစ်ဆေးပြီးမှသာ သိမ်းဆည်းမှုတွေပြုလုပ်သွားမယ်လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက သိရပါတယ်။
အစိုးရအနေနဲ့ အသုံးချခွင့်ပြုတဲ့ အချိန်ကစပြီး လေးနှစ်အတွင်း အမှန်တကယ် လုပ်ငန်းအကောင်အထည်မဖော်တဲ့ မြေတွေကို အစိုးရထံ ပြန်လည်အပ်နှံဖို့ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းလောက်က နိုင်ငံပိုင် သတင်းစာမှာ ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။ အစိုးရရဲ့ သတင်းတွေအရ အမှန်တကယ်အသုံးပြုခြင်းမရှိတဲ့ မြေဧကပေါင်း တစ်သိန်းကျော်ရှိပြီး မြေပိုင်ရှင်တွေ ကိုယ်တိုင်လာရောက်အပ်နှံခြင်းမရှိပါက အစိုးရက သိမ်းဆည်းသွားမှာဖြစ်ပါတယ်။
မြေလွတ်မြေရိုင်း ဥပဒေမှာလည်း မြေလွတ်မြေရိုင်းလုပ်ပိုင်ခွင့်ရယူထားပြီး သတ်မှတ်ကာလ လေးနှစ်အတွင်း အပြည့်အ၀ စိုက်ပျိုးလုပ်ကိုင်ခြင်းမရှိပါက နိုင်ငံတော်မှ အလိုအလျောက်ပြန်လည်သိမ်းယူမည်လို့ ပြဌာန်းထားပြီး ဖြစ်တယ်လို့ သိရပါတယ်။
လက်ရှိမှာ သိမ်းဆည်ခြင်း လုပ်ငန်းတွေကို တိုင်းဒေသကြီး ပြည်နယ်အစိုးရရဲ့ စီမံခန့်ခွဲမှုတွေအတိုင်း တိုင်းဒေသကြီးအသီးသီးမှာ ဆောင်ရွက်နေပေမဲ့ မြေပိုင်ရှင်အများစုက ဖြေရှင်းချက်တွေ ပေးလာတာကြောင့် အမှန်တကယ် ကွင်းဆင်းစစ်ဆေးပြီးမှသာ သိမ်းဆည်းရမှာ ဖြစ်တယ်လို့ သိရပါတယ်။
‘ပြည်နယ်တိုင်းတွေကို စစ်ခိုင်းလိုက်တော့ မစိုက်ထားပါဘူးပေါ့လေ၊ ဒီလောက်က အဲဒီမှာ တချိုကကလဲ ဘာဖြစ်လို့ မစိုက်ရတာပါ၊ ညာဖြစ်လို့ မစိုက်ရတာပါ ဆိုပြီး ပြန်လျှောက်တာတွေလဲ ရှိတယ်။ အဲဒါတွေကျတော့ ပြန်စိစစ်ရမှာပေါ့။ တချို့က လယ်သမားတွေက ကျူးကျော်ထားလို့ပါ၊ တရားစွဲထားပါတယ်။ အမှုဖြစ်နေပါတယ်၊ ဒါကြောင့် မစိုက်ရတာပါ။ အကြောင်းပြတာလေ၊ အဲဒါကို ဟုတ်မဟုတ်တော့ စိစစ်ရဦးမှာပေါ့။ သူတို့ပြေတိုင်းလြ ယုံလို့မရဘူးလေ၊ စိစစ်ပြီးသိမ်းရမှာပေါ့။ ဒါပေမဲ့ ဒါတွေက တိုင်းဒေသကြီး ပြည်နယ်အစိုးရတွေ လုပ်တာ’ လို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ဒုတိယအမြဲတမ်းအတွင်းဝန် ဦးမြင့်တင့်ထွန်းက ပြောပါတယ်။
လက်ရှိမှာ အခုလို မြေပိုင်ရှင်တွေ အနေနဲ့ ပြန်လည်ဖြေရှင်းချက်တွေ ရှိလာတဲ့အတွက် အစိုးရအနေနဲ့ ပြန်လည် သိမ်းဆည်းလို့ရတဲ့ မြေဧကပေါင်း လက်ရှိအချိန်ထိ အနည်းငယ်သာ ရှိသေးတယ်လို့ သိရပါတယ်။
Credit: The Kumudra