တရုတ်ပြည် ပေကျင်းမြို့တော်အခြေစိုက် Soho China ကုမ္ပဏီသည် ရှန်ဟိုင်းမြို့ အနောက်ဘက်တွင် ဆောက်လုပ်ထားသော ကမ္ဘာကျော်ဗိသုကာပညာရှင် ဇဟာ ဟာဒစ်ဒီဇိုင်းရေးဆွဲပေးခဲ့သည့် ဒီဇိုင်းဆန်းပြားသော အဆောက်အအုံ ကွန်ပလက်စ်နေရာကို ယွမ်ငွေ ၅ ဒသမ ၀၁ ဘီလီယံ (ကန်ဒေါ်လာ ၇၅၄ သန်း) ဖြင့် ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
Soho သည် ရှန်ဟိုင်းမြို့၊ ချန်နင်းအရပ်ရှိ Sky Soho အဆောက်အအုံကွန်ပလက်စ် ရောင်းချရာမှ ယွမ်ငွေ ၃၆၇ သန်း (ကန်ဒေါ်လာ ၅၅ ဒသမ ၃ သန်း) ခန့် မြတ်စွန်းရန် မျှော်လင့်ထားသည်။
ရောင်းချမှုတွင် ငွေသားအဖြစ် ယွမ်ငွေ ၂ ဒသမ ၉၅ ဘီလီယံ (ကန်ဒေါ်လာ ၄၄၄ ဒသမ ၈ သန်း) နှင့် ဘဏ်ချေးငွေတို့ ပါဝင်မည်ဟု မျှော်မှန်းထားကြောင်း Soho က ဟောင်ကောင်အိတ်ချိန်းတွင် ထုတ်ဖော်ကြေညာထားသည်။
Soho သည် ရှန်ဟိုင်းမြို့ အချက်အခြာကျသောနေရာရှိ ဘက်စုံသုံးဆောက်လုပ်ရေးစီမံကိန်းတစ်ခုကို ယွမ်ငွေ ၃ ဒသမ ၆ ဘီလီယံ (ကန်ဒေါ်လာ ၅၂၅ သန်း) ဖြင့် ရောင်းချခဲ့သည်မှာ ၄ လခန့်ပင် ရှိသေးသည်။
Sky Soho ကွန်ပလက်စ်ကို Linkong Soho ဟုလည်း ခေါ်ဆိုကြပြီး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံများ ပါဝင်ကာ ရှန်ဟိုင်းမြို့လယ်၏ အနောက်ဘက် ဘိုင်ဒီလမ်းပေါ်တွင် တည်ရှိသည်။
ကြမ်းခင်းဧရိယာစုစုပေါင်း ၁၂၈၁၇၅ စတုရန်းမီတာ ကျယ်ဝန်းပြီး ၁ စတုရန်းမီတာလျှင် ယွမ်ငွေ ၃၉၀၇၂ ခန့် တန်ကြေးရှိသည်။
ရုံးခန်းနေရာ ၁၀၃၀၁၄ စတုရန်းမီတာနှင့် ကူးသန်းရောင်းဝယ်ရေးနေရာ ၂၅၁၆၁ စတုရန်းမီတာ အကျယ်အဝန်းပါဝင်သည်။
Soho သည် အဆိုပါစီမံကိန်းကို ၂၀၁၀ ပြည့်နှစ်တွင် ယွမ်ငွေ ၁ ဒသမ ၅၆ ဘီလီယံဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်ပြီး ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလတွင် ဆောက်လုပ်ပြီးစီးခဲ့သည်။
Sky Soho သည် ရှန်ဟိုင်းရှိ အရောင်းဈေးကွက်တင်မည့် စီမံကိန်း ၃ ခုအနက် တစ်ခုအပါအဝင်ဖြစ်ကြောင်း Soho China ကုမ္ပဏီက ယခင်နှစ် သြဂုတ်လကတည်းက ထုတ်ဖော်ကြေညာထားခဲ့ခြင်း ဖြစ်သည်။
အခြားစီမံကိန်း ၂ ခုမှာ Hongkou Soho နှင့် Soho Tianshan ပလာဇာတို့ ဖြစ်ကြသည်။
(အချက်အလက်များ)
တည်နေရာ။ တရုတ်ပြည်၊ ရှန်ဟိုင်း
ဗိသုကာပညာရှင်။ ဇဟာ ဟာဒစ်
စီမံကိန်းဒါရိုက်တာ။ မန်ညူလာ ဂါတို
စီမံကိန်းဗိသုကာပညာရှင်။ အဂ္ဂါ ပါယန် ၊ ယိုရှီ ယူချီယာမ
အတိုင်ပင်ခံအဖွဲ့။ ဆာတိုရှီ အိုဟာရှိ
စတင်ဆောက်လုပ်သည့်ခုနှစ်။ ၂၀၁၄
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)