ကရင်ပြည်နယ် နယ်ခြားစောင့် တပ်ဖွဲ့ (BGF) က တရုတ်နိုင်ငံအခြေစိုက် Jilin Yatai Group ၏ ရင်းနှီးမြှုပ်နှံမှုဖြင့် မြဝတီနယ်စပ်တွင် မြို့သစ်စီမံကိန်းတစ်ခု အကောင်အထည် ဖော်သွားမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ မြို့သစ်စီမံကိန်းတွင် BGF အဖွဲ့မှပိုင်ဆိုင်သော မြေပေါ်တွင် တရုတ်ကုမ္ပဏီက ငွေကြေး ရင်းနှီးမြှုပ်နှံမှု စိုက်ထုတ်ကာ အကောင်အထည် ဖော်သွားမည်ဖြစ်ပြီး လက်ရှိအချိန်တွင် ရှေ့ပြေးစီမံကိန်းကို မြေဧက ၆၀ ပေါ်၌ စတင် ဆောင်ရွက်နေပြီဖြစ်ကာ တရုတ် ရင်းနှီးမြှုပ်နှံမှုမှာ များပြားသည့်အတွက် ပြည်ထောင်စု အစိုးရ၏ ခွင့်ပြုချက်ဖြင့် ဆောင်ရွက်ရမည်ဖြစ်ကြောင်း ကရင်ပြည်နယ် အစိုးရအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
“ကာစီနိုကိစ္စတွေက အစိုးရက တရားဝင် ခွင့်မပြုထားဘူး။ ဒါပေမယ့် ဒီဘက်က လုပ်တယ်။ ဒါတွေကို ထိန်းချုပ်ဖို့ဆိုတာ အမှန်တကယ်တော့ မလွယ်ဘူး”ဟု ၎င်းကဆိုသည်။
အဆိုပါ စီမံကိန်းကို ကရင်ပြည်နယ် မြဝတီနယ်စပ်မြို့ ကုက္ကိုလ်မြိုင်ဒေသရှိ မြေဧက ၁၃၀ဝ ပေါ်တွင် အကောင်အထည် ဖော်မည်ဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ ဘီလီယံရှိကာ ယင်းစီမံကိန်းတွင် ကာစီနိုရုံအကြီးစား တည်ဆောက်ရေးလည်း ပါဝင်သည်။
“ဒီစီမံကိန်းကို ရင်းနှီးမြှုပ်နှံမှု ကော်မရှင်တင်ဖို့ ပြင်ဆင်တဲ့အဆင့်ပဲ ရှိသေးတယ်။ တရားဝင်တော့ လက်ခံမရရှိသေးဘူး”ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ အတွင်းရေးမှူး ဦးအောင်နိုင်ဦးက The Voice သို့ ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအရ အမေရိကန် ဒေါ်လာ ၅ သန်းထက် မပိုသော ရင်းနှီးမြှုပ်နှံမှုများကိုသာ တိုင်းနှင့်ပြည်နယ် အစိုးရက ခွင့်ပြုမိန့် ထုတ်ပေးနိုင်ပြီး ယင်းပမာဏထက်ပိုသော ရင်းနှီးမြှုပ်နှံမှုများကို MIC သို့ တင်ရမည်ဖြစ်သည်။
တရုတ်ကုမ္ပဏီ Jilin Yatai Group သည် အများပိုင်ကုမ္ပဏီဖြစ်ပြီး အိမ်ရာ တည်ဆောက်ရေးလုပ်ငန်း၊ ဘိလပ်မြေ ထုတ်လုပ်ခြင်းလုပ်ငန်း၊ ဟိုတယ်နှင့် စူပါမားကတ်များ တည်ဆောက်ခြင်း လုပ်ငန်းများ ဆောင်ရွက်လျက်ရှိကာ ရှန်ဟိုင်း စတော့အိတ်ချိန်းဝင် ကုမ္ပဏီတစ်ခုလည်း ဖြစ်သည်။
Credit: The Voice