ငြိမ်သက်လျက်ရှိသည့် ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အငှားဈေးကွက်များဦးဆောင်နေပြီး ရင်းနှီးမြှုပ်နှံသူများမှလည်းအရောင်းပိုင်းထက်အငှားပိုင်းသို့ဦးတည်လာကြကြောင်းအိမ်ခြံမြေဈေးကွက်အတွင်းမှ သိရသည်။
မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူးမှ မြို့တွင်းဧရိယာနှင့်အလားတူပင် ရန်ကင်းနှင့် ဗဟန်းမြို့များတွင် အငှားဈေးကွက်သွက်နေကြောင်း၊အငှားဈေးကွက်တွင် ရင်းနှီးမြှုပ်နှံသူနှင့် ငှားရမ်းနေထိုင်သူဟူ၍ နှစ်မျိုးတွေ့ရသည်။
အငှားဈေးကွက်သို့ရင်းနှီးမြှုပ်နှံသူများဦးတည်လာသကဲ့သို့ ကွန်ဒိုအခန်းများအား ဝယ်ယူကာ ပြန်လည်ငှားရမ်းမှုများ ပြုလုပ်လာကြောင်း၊ထို့ပြင်နိုင်ငံတကာမှစီးပွားရေးလုပ်ငန်းများပြည်တွင်းသို့ ဝင်ရောက်လာခြင်းအတွက် ရုံးခန်းအငှားများ၊ကွန်ဒိုအခန်းများပိုမို သွက်လာကြောင်း သိရသည်။
မကြာသေးမီက ရုံးခန်းတာဝါအသစ်ဖွင့်လှစ်လိုက်သော ရန်ကင်းမြို့နယ်မှ ကွန်ဒိုကြီးတွင် အငှားဈေးကွက် ပိုမိုသွက်လက်နေကြောင်း သိရသည်။နိုင်ငံတကာမှ ကုမ္ပဏီကြီးများလည်း ရုံးခန်းပြောင်းရွေ့ နေထိုင်ပြီး လုပ်ကိုင်နိုင်ကြောင်း သိရသည်။
ပြည်တွင်းမှ ကွန်ဒို၊ရုံးခန်းများငှားရမ်းခများမှာ အိမ်နီးချင်းနိုင်ငံများဖြစ်သော ဗီယက်နမ်နှင့် ထိုင်းတို့ထက်ပိုမိုရရှိခြင်းကြောင့်လည်း အငှားဈေးကွက်ပိုမိုသွက်လာခြင်းဖြစ်ပြီးပြည်တွင်းမှ ရင်းနှီးမြှုပ်နှံသူများမှ အငှားကိုသာပိုမိုဆောင်ရွက်လာကြောင်း သိရသည်။
အခန်းငှားရမ်းမှုများသည် ဝန်ထမ်းအပြောင်းအရွေ့များ ကာလများဖြစ်သည့် အောက်တိုဘာ၊နိုဝင်ဘာ၊ဇန်နဝါရီ၊ဖေဖော်ဝါရီတို့တွင် ပိုမိုသွက်လက်လေ့ရှိပြီးအပြောင်းအရွေ့နည်းပါးသည့်ဧပြီလ (သင်္ကြန်ကာလ)နှင့် ဒီဇင်ဘာလလယ်တို့တွင် ငှားရမ်းမှုများငြိမ်သက်လေ့ရှိရာ ယခုလတွင် အငှားဈေးကွက်အထူးသွက်ဦးမည်ဖြစ်ကြောင်း ပြည်တွင်းအိမ်ခြံမြေ အကျိုးဆောင်များထံမှ သိရသည်။
Credit :Pyi Myanmar