အိမ်ခြံမြေ ဈေးကွက် ပြန်လည်ကောင်းမွန်လာစေရန် နိုင်ငံတကာ အိမ်ရာရင်းနှီးမြှပ်နှံသူများ ၀င်ရောက်ရန် လိုအပ်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင်များကပြောသည်။
မကြာခင်တွင် နည်းဥပဒေ ထွက်ရှိမည့် ကွန်ဒိုဥပဒေနှင့်အတူ လိုအပ်နေသော အိမ်ရာကဏ္ဍများကို နိုင်ငံခြားလုပ်ငန်းရှင်များဘက်မှ ပြည်တွင်းလုပ်ငန်းရှင်များနှင့် ပူးပေါင်းပြီး ဆောင်ရွက်မှသာ ကောင်းမွန်လာနိုင်ကြောင်း အိမ်ခြံမြေ လုပ်ငန်းရှင် ဦးခင်မောင်အေး ကဆိုသည်။
၂၀၁၆-၁၇ဘဏ္ဍာနှစ် ရှစ်လတာကာလအတွင်း အိမ်ရာ တည်ဆောက်ရေးကဏ္ဍတွင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းပေါင်း ကိုးခုဝင်ရောက်ခဲ့ပြီး ပမာဏမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံကျော်ရှိခဲ့ကြောင်း မြန်မာနိုင်ငံ ရင်းနှီးမြှပ်နှံမှုကော်မရှင်မှထုတ်ပြန်ထားသည်။
နိုင်ငံတကာမှ အိမ်ခြံမြေ ကဏ္ဍတွင် ၀င်ရောက်မှုတွင် အိမ်နီးချင်းနှင့် အာရှနိုင်ငံများမှ အများဆုံးဝင်ရောက်နေသောကြောင့် ဥရောပနိုင်ငံများဘက်မှ ၀င်ရောက်ရန်လိုအပ်ကြောင်း မြန်မာနိုင်ငံရင်းနှီးမြှပ်နှံမှုကော်မရှင်မှ တာဝန်ရှိသူတစ်ဦးကဆိုသည်။
လက်ရှိတွင် ရန်ကုန် မန္တလေး အစရှိသော မြို့ကြီးများတွင် အိမ်ခြံမြေဈေးနှုန်းကျဆင်းခြင်းများနှင့် ကြုံတွေ့နေရပြီးဈေးကွက်ပြန်လည်ကောင်းမွန်လာရန် လုပ်ငန်းရှင်များက မျှော်လင့်နေကြသည်။
“ ရောင်းမဲ့ အရေအတွက်က ဈေးကွက်မှာ တန်းစီနေပြီ ၀ယ်မဲ့သူနည်းနေတော့ ၀ယ်မဲ့သူများတဲ့ဈေးကွက်ဖြစ်လာအောင်လုပ်ပေးရမှာ “ ဟု အိမ်ခြံမြေလုပ်ငန်းရှင် ဦးဝင်းနိုင်စိုးကပြောသည်။
ထို့ပြင် အိမ်ခြံမြေဈေးကွက်ပြန်လည်ကောင်းမွန်လာစေရန် လုပ်ငန်းရှင်အများစုက အိမ်ခြံမြေ လောကတွင် ကောက်ခံနေသော အခွန်နှုန်းထားများကို လျှော့ချပေးရန် တောင်းဆိုထားကြသည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com