ရန်ကုန်မြို့၏ တိုးပွားလာလျက်ရှိသည့် အခန်းငှားရမ်းမှုလိုအပ်ချက်သည် ငှားရမ်းခများ ဈေးကောင်းစွာရရှိလိုသည့် ရင်းနှီးမြှုပ်နှံသူများအတွက် အခွင့်အလမ်းကောင်းတစ်ခု ဖြစ်သည်
ရန်ကုန်မြို့၏ ပထမဦးဆုံး ဆောက်လုပ်ပြီးစီးပြီးဖြစ်သည့် ကွန်ဒိုမီနီယံကြီးတစ်ခုဖြစ်သော Golden City သည် ရန်ကုန်မြို့၌ အိမ်ခြံမြေငှားရမ်းမှုဈေးကွက်ကိုအမှီပြု၍ ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်လိုသူတို့အတွက် ၄င်းစီမံကိန်းမှ ကွန်ဒိုအခန်းများသည် စိတ်ချယုံကြည်ရသည့် ရင်းနှီးမြှုပ်နှံမှုကောင်းတစ်ခုဟု သက်ဆိုင်ရာ သတင်းအရင်းအမြစ်များအရ ပြောကြားခဲ့သည်။
ပြည်တွင်းအိမ်ခြံမြေဈေးကွက်တွင် အငှားဈေးကွက်မှာ တည်ငြိမ်စွာ ဆက်လက်ဦးဆောင်လျက်ရှိကြောင်း မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှဆိုခဲ့ပြီး Golden City မှ အိပ်ခန်းနှစ်ခန်းပါအခန်းမှာ ဒေါ်လာ ၂၅၀၀ နှင့် အိပ်ခန်းလေးခန်းပါအခန်းမှာ ဒေါ်လာ ၄၅၀၀ အထိ ရရှိလျက်ရှိရာ ပြန်လည်ငှားရမ်းခြင်းဖြင့် အမြတ်ပြန်လည်ရရှိလိုသည့် ရင်းနှီးမြှုပ်နှံသူများအနေဖြင့် စွဲမက်ဖွယ်တစ်ခု ဖြစ်နေသည်။
Golden City ၏ ဒုတိယဥက္ကဌဖြစ်သူ Mr. Alex Lee မှ “Golden City ကို Golden Land Real Estate လို ယုံကြည်စိတ်ချရတဲ့အိမ်ခြံမြေဖော်ဆောင်ရေးကုမ္ပဏီကြီးက ကျောထောက်နောက်ခံပြုထားတဲ့အပြင် ငှားရမ်းခကို အိမ်နီးချင်းနိုင်ငံတွေဖြစ်တဲ့ ဗီယက်နမ်နဲ့ ထိုင်းတို့ထက် ပိုမိုရရှိပြီး အငှားဈေးကွက်ပိုမိုသွက်ပါတယ်။ ဒီလိုနှစ်လိုဖွယ်ကောင်းတဲ့ စီးပွားရေးအခြေအနေတွေရှိတဲ့အတွက်လည်း ပြည်တွင်းက ရင်းနှီးမြှုပ်နှံသူတွေက သူတို့ရဲ့ရင်းနှီးမြှုပ်နှံမှုအပေါ် ယုံကြည်စိတ်ချမှုရှိကြတာ ဖြစ်ပါတယ်” ဟု ဆိုပါသည်။
ထို့ပြင် အိုင်မြန်မာဟောက်စ်ဒေါ့ကွန်းမှ မန်းနေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှလည်း “အငှားဈေးကွက်က ရန်ကုန်မြို့ရဲ့နေရာတိုင်းလိုလိုမှာ သူဟာနဲ့သူတော့ဖြစ်နေပါတယ်။ ဒါပေမဲ့ မကြာသေးမီက ရုံးခန်းတာဝါအသစ်ဖွင့်လှစ်လိုက်တဲ့ ရန်ကင်းမြို့နယ်က Golden City မှာ အငှားဈေးကွက် ပိုမိုသွက်နေတာကို တွေ့ရပါတယ်။ နိုင်ငံတကာက ကုမ္ပဏီကြီးတွေလည်း ရုံးခန်းပြောင်းရွှေ့လာကြတယ်။ နေရာတစ်ခုထဲမှာပဲ ပြောင်းရွှေ့နေထိုင်ပြီး လုပ်ကိုင်နိုင်တဲ့အတွက် ဖြစ်တယ်” ဟု မှတ်ချက်ပေးပါသည်။
Golden City မှ လူနေကွန်ဒိုအခန်းများသည် အိပ်ခန်းတစ်ခန်းပါအခန်း (၅၁၇ စတုရန်းပေ) အတွက် ဒေါ်လာ ၁ သိန်းခွဲမှ အိပ်ခန်းလေးခန်းပါအခန်း (၁၉၈၀ စတုရန်းပေ) အတွက် ဒေါ်လာ ၆ သိန်းအထိ ပေါက်ဈေးရှိပြီး ဝယ်ယူသူများအနေဖြင့် ၁၅ နှစ် အရစ်ကျငွေပေးချေနိုင်မည့် အိမ်ရာချေးငွေအစီအစဉ်ကို လျှောက်ထားနိုင်မည်ဖြစ်သည်။ အဆိုပါချေးငွေအစီအစဉ်အရ မိမိဝယ်ယူမည့်အခန်းတန်ဖိုး၏ ၇၀ ရာခိုင်နှုန်းအထိ ချေးငွေလျှောက်ထားနိုင်မည်ဖြစ်ရာ လစဉ် ဒေါ်လာ ၁၀၀၀ ပုံမှန် ပေးသွင်းသွားရုံဖြင့် အခန်းများပိုင်ဆိုင်နိုင်မည့် အစီအစဉ်ကောင်းတစ်ခုဖြစ်သည်။
Golden City ၌ ဝယ်ယူသူများနှင့် ငှားရမ်းနေထိုင်သူများသည် ရန်ကင်းမြို့နယ်၏ သီးသန့်လူကုံထံအသိုင်းအဝိုင်းတွင် ပါဝင်လာနိုင်မည်ဖြစ်ပြီး Golden City Business Center ၏ grade-A အဆင့်ရှိ ရုံးခန်း၊ ရေကူးကန်၊ အားကစားခန်းမ၊ ကလေးကစားကွင်း၊ လှပကျော့ရှင်းသည့် စီးပွားရေးအချက်အချာလမ်းမ အစရှိသည့်အဆင့်မြင့်ဝန်ဆောင်မှုများနှင့် ပစ္စည်းအသုံးအဆောင်များကို ရယူနိုင်မည်ဖြစ်သည်။ ထို့ပြင် ၂၄ နာရီ ဘဏ္ဍာစိုးဝန်ဆောင်မှု၊ အခန်းပြုပြင်ထိန်းသိမ်းမှု၊ သန့်ရှင်းရေးဝန်ဆောင်မှု အစရှိသည့် အိမ်ခြံမြေစီမံခန့်ခွဲမှုဝန်ဆောင်မှုများကိုလည်း နိုင်ငံတကာစံနှုန်းများနှင့်အညီ နေထိုင်သူများ၏ လိုအပ်ချက်အလိုက် ပေးအပ်လျက်ရှိပါသည်။
မြန်မာနိုင်ငံအိမ်ခြံမြေဝန်ဆောင်မှုအသင်းမှ အထွေထွေအတွင်းရေးမှူးချုပ်ဖြစ်သူ ဒေါ်မို့မို့အောင်မှ “မြို့တွင်းဧရိယာနဲ့အလားတူပဲ ရန်ကင်းနဲ့ဗဟန်းမြို့တွေမှာ အငှားဈေးကွက်သွက်ပါတယ်။ အရင်ကတည်းက ရန်ကုန်မြို့ရဲ့ အငှားဈေးကွက်အခြေအနေက တည်ငြိမ်မှုရှိပါတယ်။ အငှားပိုင်းက အရမ်းသွက်နေတာမျိုးလည်း မဟုတ်ဘူး အရမ်းကြီးအေးနေတာမျိုးလည်း မဟုတ်ဘူး။ ဈေးကွက်မှာ ရင်းနှီးမြှုပ်နှံသူနဲ့ ငှားရမ်းနေထိုင်သူဆိုပြီး နှစ်မျိုးတွေ့ရပြီး အငှားဈေးကွက်ငြိမ်ပါတယ်” ဟု ပြောကြားခဲ့ပါသည်။
အခန်းငှားရမ်းမှုများသည် ဝန်ထမ်းအပြောင်းအရွှေ့များသည့် ကာလများဖြစ်သည့် အောက်တိုဘာ၊ နိုဝင်ဘာ၊ ဇန်နဝါရီ၊ ဖေဖော်ဝါရီတို့တွင် ပိုမိုသွက်လက်လေ့ရှိပြီး အပြောင်းအရွှေ့နည်းပါးသည့် ဧပြီလ (သင်္ကြန်ကာလ)နှင့် ဒီဇင်ဘာလလယ်တို့တွင် ငှားရမ်းမှုများ ငြိမ်သက်လေ့ရှိရာ ၂၀၁၇ ခုနှစ် နိုဝင်ဘာလတွင် အငှားဈေးကွက် အထူးသွက်ဦးမည်ဖြစ်ကြောင်း ပြည်တွင်းမှ အိမ်ခြံမြေအကျိုးဆောင်များက ဆိုသည်။
Golden City အကြောင်း
Golden City သည် Singapore Exchange Securities Trading Limited ၏ Catalist board ၌ မှတ်ပုံတင်ထားသည့် ETC SINGAPORE LTD ၏ အဖွဲ့ဝင် Golden Land Real Estate Development Co.Ltd မှ မြန်မာနိုင်ငံ ရန်ကုန်မြို့၌ ဖော်ဆောင် ထားသော ပရောဂျက်တစ်ခု ဖြစ်ပါသည်။ Golden City ပရောဂျက်ကို ၂၀၁၄ ခုနှစ် မတ်လက စတင်ခဲ့ခြင်းဖြစ်ပြီး ရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ ၂၉၀ သန်းပါဝင်သည့် ရန်ကုန်မြို့မှ ပထမဦးဆုံးတည်ဆောက်ပြီးစီးထားသည့် အထူးကွန်ဒိုမီနီယံ တစ်ခုလည်းဖြစ်ရာ မြန်မာနိုင်ငံ၏ ပထမဦးဆုံးသောသီးသန့် အထက်တန်းလွှာလူနေမှုပုံစံကို ဖော်ဆောင်ပေးသွားမည့် ဦးဆောင် အိမ်ရာဖော်ဆောင်ရေး ကုမ္ပဏီကြီးတစ်ခုဖြစ်ပါသည်။
The Golden City ကွန်ဒိုမီနီယံသည် မြို့တော်ရန်ကုန်၏ ကျက်သရေဆောင် ရွှေတိဂုံဘုရားအား ဖူးတွေ့နိုင်မည့် ရင်သပ်ရှုမော ဖွယ်လှပသည့် အင်လျားကန်အနီးတွင် တည်ရှိပါသည်။ ကမ္ဘာ့အဆင့်မီ ဗိသုကာမြောက် လူနေအဆောက်အအုံဒီဇိုင်းပုံစံနှင့် တည်ဆောက်ထားခြင်းဖြစ်ပြီး ရေကူးကန်တစ်ခု၊ အားကစားခန်းမတစ်ခုနှင့် ကလေးကစားကွင်းတစ်ခုတို့အပါအ၀င် အခြားသော အဆင့်မြင့်ဝန်ဆောင်မှုများ ပါဝင်ပါသည်။ ထို့ပြင် စီးပွားရေးအချက်ချာကျပြီး သန့်ရှင်းလှပသောလမ်းမပေါ်တွင် တည်ရှိကာ A အဆင့်ရှိ ရုံးခန်းနေရာများ၊ ဇိမ်ခံဟိုတယ်တစ်ခု၊ အဆင့်မြင့်တိုက်ခန်းများနှင့် ဈေးဝယ်စင်တာတစ်ခုလည်း ပါဝင်ပါသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)