၂ဝဝဝ ပြည့်နှစ် နောက်ပိုင်းမှစ၍ တောက်လျှောက် နှစ်စဉ်ဈေးတက်ခဲ့သော မြန်မာ့အိမ်ခြံမြေ ဈေးနှုန်းများမှာ ၂ဝ၁၄ ခုနှစ် နှောင်းပိုင်းမှစ၍ ဈေးနှုန်းများ အကျဘက်သို့ ဦးတည်ကာ ဈေးကွက်သည်လည်း ငြိမ်သက်နေသည်။
အစိုးရက အကောင်အထည်ဖော်မည့် မြို့သစ်များရှိနေခြင်း၊ တန်ဖိုးနည်းအိမ်ရာများ တည်ဆောက်မှု များပြားလာခြင်းနှင့် လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာမှုများကြောင့် ရန်ကုန်မြို့ မြေနေရာ ပိုမိုကျယ်ပြန့်လာပြီး မြေအရောင်းအဝယ်ဈေးကွက်မှာလည်း ယခင်ကထက် ရွေးချယ်စရာ ပိုမိုများပြားလာသည်။
''အိမ်ခြံမြေဈေးနှုန်းတွေက ၂ဝ၁၄ နဲ့ ယခု ၂ဝ၁၇ နဲ့ နှိုင်းယှဉ်ရင် နေရာပေါ် မူတည်ပြီး ၁ဝ ရာခိုင်နှုန်းကနေ ၃ဝ ရာခိုင်နှုန်းထိ ကျဆင်းခဲ့ပါတယ်။ အိမ်ခြံမြေဈေးနှုန်းက တစ်ချိန်တည်း ဝုန်းခနဲ့ဆို ကျဆင်းခဲ့တာမဟုတ်ဘဲ တဖြည်းဖြည်း နှစ်စဉ်ကျဆင်းနေတာ ဖြစ်ပါတယ်''ဟုiMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) မန်နေဂျင်းဒါရိုက်တာ ဦးနေမင်းသူက ပြောသည်။
အိမ်ခြံမြေဈေးကျဆင်းမှုသည် ဆောက်လုပ်ရေးလုပ်ငန်းကို ဂယက်ရိုက်လျက်ရှိသော်လည်း အခြားတစ်ဖက်တွင်မူ ကောင်းသည့်သက်ရောက်မှုများလည်း ရှိနေသေးသည်။
စီးပွားရေးလုပ်ငန်း စတင်လုပ်ကိုင်လိုသူ အသေးစားလုပ်ငန်းရှင်များအတွက် ယခင်က နှစ်စဉ်မြင့်တက်လျက်ရှိသော အိမ်ခြံမြေ အဝယ်နှင့် အငှားဈေးနှုန်းမှာ ကြီးမားလွန်းသောကြောင့် စိန်ခေါ်မှုကြီးတစ်ခု ဖြစ်ခဲ့သော်လည်း ယခုအခါ ဈေးကျပြီး ရွေးချယ်စရာများပြားလာခြင်းများက ၄င်းလုပ်ငန်းရှင်များအပေါ် အထောက်အပံ့ဖြစ်စေသည်ဟု သုံးသပ်သူများရှိသည်။
စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်နှင့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုမိုဝင်ရောက်လာစေရန် မြေဈေးနှုန်း တည်ငြိမ်ရန် လိုအပ်ပြီး မြေဈေးနှုန်းတည်ငြိမ်မှသာစီးပွားရေးလုပ်ငန်းများ ရေရှည်ရပ်တည်နိုင်ရန် အဆင်ပြေကြောင်း မြတ်မင်း အိမ်ခြံမြေအကြံပေးလုပ်ငန်းက ဦးအောင်မင်းက ပြောသည်။
ဆောက်လုပ်ရေးဈေးကွက် ပိုမိုကောင်းမွန်သင့်သော်လည်း လက်ရှိ အိမ်ခြံမြေဈေးနှုန်းများ ဆက်လက်ငြိမ်သက်နေစေရန် အစိုးရက ထိန်းချုပ်ထားသင့်ကြောင်း ၄င်းက မှတ်ချက်ပြုသည်။
''အရင်က စစ်အစိုးရကနေ ဒီမိုကရေစီအစိုးရ ကူးပြောင်းချိန်မှာ ငွေမည်းကနေ ငွေဖြူလုပ်တာတွေနဲ့ အစိုးရပြောင်းပြီး နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ စတင်ဝင်ရောက်ခဲ့တာတွေကြောင့် အိမ်ခြံမြေဈေးကွက်က တစ်ဟုန်ထိုး မထိန်းချုပ်နိုင်လောက်အောင် အရှိန်အဟုန်ကောင်းကောင်းနဲ့ နေ့စဉ် ဈေးနှုန်းတွေ မြင့်တက်ခဲ့တာပါ။ အခုအချိန်မှာတော့ အစိုးရကလည်း မြေဈေးနှုန်းကို အထိုက်အလျောက် ထိန်းချုပ်နိုင်ပါပြီ။ နောက်ထပ်လည်း မြေဈေးနှုန်း ထပ်မတက်စေဖို့ တိုင်းဒေသကြီးအစိုးရက ထိန်းချုပ်ဖို့ လိုပါတယ်''ဟု ၄င်းက ပြောသည်။
သို့သော်လည်း အခြားတစ်ဖက်တွင်မူ နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို ထိုနိုင်ငံ၏ အိမ်ခြံမြေဈေးနှုန်းများမှတစ်ဆင့် သိနိုင်သည့်အတွက် နှစ်ရှည်ကြည့်ပါက ဈေးအတက်ဘက်သို့ ဦးတည်နေရန် လိုအပ်ကြောင်း ဦးနေမင်းသူက ပြောသည်။
''နိုင်ငံတစ်နိုင်ငံရဲ့ ဖွံ့ဖြိုးတိုးတက်မှုနှုန်းကို အိမ်ခြံမြေဈေးကွက်ကနေတစ်ဆင့် ကြည့်နိုင်ပါတယ်။ မြေဈေးနှုန်း တစ်နှစ်အတွင်း အရမ်းတက်လွန်းတာရော၊ ကျလွန်းတာရောက နိုင်ငံအတွက် မကောင်းပါဘူး။ဒါမယ့် နှစ်ရှည်ကိုကြည့်မယ်ဆိုရင် အတက်ဘက်ကို ဦးတည်နေတာက နိုင်ငံစီးပွားရေးတိုးတက်တဲ့ပြယုဂ်ပါပဲ''ဟု ၄င်းက ပြောသည်။
နိုင်ငံသားအများစု ပိုင်ဆိုင်မှုအများဆုံး မှာ အိမ်ခြံမြေပိုင်ဆိုင်မှု ဖြစ်သည့်အတွက် အိမ်ခြံမြေဈေးနှုန်း ကျသွားပါက နိုင်ငံ၏ ကြွယ်ဝချမ်းသာမှုကျသွားသည်ဟု သတ်မှတ်နိုင်ကြောင်းလည်း ၄င်းကယူဆသည်။
''လူများစုပိုင်တာက အိမ်ခြံမြေဖြစ်လို့ မြေဈေး ထိုးကျသွားတာ၊ အရမ်းကျတာတွေက မကောင်းဘူး။ အရင်တုန်းကဖြစ်ခဲ့သလို ဈေးနှုန်း ထိုးတက်သွားတယ်ဆိုတာကလည်း မဖြစ်သင့်ပါဘူး။ အိမ်ခြံမြေဈေးနှုန်းက တဖြည်းဖြည်း တက်သွားတာပဲ ဖြစ်သင့်တယ်''ဟု ဦးနေမင်းသူက ပြောသည်။
၎င်းက အိမ်ခြံမြေဈေးသည် တက်လျှင် ငါးရာခိုင်နှုန်း၊ ကျလျှင်ငါးရာခိုင်နှုန်းခန့်သာ ရှိသင့်ပြီး အတက်အကျကြမ်းလျှင် အစိုးရက ဝင်ထိန်းသင့်သည်ဟု ဆိုသည်။သီလဝါအထူးစီးပွားရေးဇုန်ကဲ့သို့ အစိုးရက ဈေးနှုန်းထိန်းညှိပေးသော စီးပွားရေးဇုန်များ ပေါ်ပေါက်လာခြင်းသည် ကောင်းသောလက္ခဏာဖြစ်ပြီး ထိုကဲ့သို့ဇုန်များ နိုင်ငံအနှံ့အပြားတွင် အကောင်အထည်ဖော်သင့်ကြောင်း ဦးနေမင်းသူက ပြောသည်။
အိမ်ခြံမြေဈေးကျသည့်နည်းတူ အငှားဈေးနှုန်းများ ပိုမိုကျဆင်းလာသည့်အတွက် ရုံးခန်းနှင့် အဆောက်အအုံ ငှားရမ်းရန် ပိုမိုအဆင်ပြေလာသော်လည်း တည်ငြိမ်သော ဈေးနှုန်းဖြင့် နှစ်ရှည်ငှားရမ်းရန် မလွယ်ကူသေးကြောင်း ရန်ကုန်မြို့လယ်ကောင်တွင် အင်္ဂလိပ်စာ သင်တန်းများ ဖွင့်လှစ်ထားသော Paek Point Aacdemy မန်နေဂျင်းဒါရိုက်တာ ကိုမိုရ်လွင်က ပြောသည်။
''ကွန်ဒိုတိုက်ခန်းတွေဆို တစ်ခန်းကို အရင်ကထက် နှစ်သိန်းလောက် ဈေးနှုန်းကျဆင်းလာပါတယ်။ ဒီလိုဈေးနှုန်းကျဆင်းတာတွေက လုပ်ငန်းသစ် စလုပ်ချင်သူတွေအတွက် ကောင်းမွန်တဲ့အခွင့်အရေးတွေပါပဲ။ ဒါပေမဲ့ တည်ငြိမ်တဲ့အငှားဈေးနှုန်းနဲ့ နှစ်ရှည်ငှားရမ်းဖို့တော့ မလွယ်ကူသေးပါဘူး။ တိုက်ခန်းပိုင်ရှင်တွေက တစ်နှစ်ပြည့်ရင် အနည်းဆုံး ငါးရာခိုင်နှုန်းလောက်ဈေးတက်ချင်တယ်''ဟု ၄င်းက ပြောသည်။
အိမ်ခြံမြေဈေးကျသဖြင့် စီးပွားရေးလုပ်ငန်းရှင်များအတွက် ပိုမိုသက်သာသော ဈေးနှုန်းများဖြင့် ဝယ်ယူလာနိုင်သော်လည်း ငှားရမ်းသော အဆောက်အအုံများမှာ နည်းနေသေးသည့်အတွက် အငှားဈေးမှာမူ သိသာစွာ မကျဆင်းသေးကြောင်း လှိုင်သာယာစက်မှုဇုန်၏ နာယက ဦးမြတ်သင်းအောင်က ပြောသည်။
Credit: The Myanmar Times