ကရင်ပြည်နယ်ရှိ သတ်မှတ်ထားသည့် ဇုန် (၁) တွင် MIC က ဖိတ်ခေါ်ထားသည့် ဦးစားပေးလုပ်ငန်း ၇ ခုကို ဝင်ရောက် ရင်းနှီးမြှုပ်နှံပါက ဝင်ငွေခွန် ကင်းလွတ်ခွင့် ၇ နှစ်အထိ ရရှိမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီး ဌာနထံမှ သိရသည်။
မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင် (MIC) က ဖိတ်ခေါ်ထားသည့် ဦးစားပေးလုပ်ငန်း ၇ ခုတွင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြနု့်ဖြူးခြင်း၊ သိုလှောင်ရုံများ တည်ဆောက်ခြင်း၊ စက်မှုဇုန်တည်ဆောက်ခြင်း၊ အခြေခံအဆောက်အဦများ တည်ဆောက်ခြင်း၊ စက်မှုကုန်ထုတ်လုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများနှင့် ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းတို့ ပါဝင်သည်။
“ကရင်ပြည်နယ်တင် မဟုတ်ဘူး။ တခြားတိုင်းနဲ့ ပြည်နယ်တွေကိုလည်း ဦးစားပေး ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတွေ ထုတ်ပြန်ပြီး လုပ်ငန်းရှင်တွေကို ဖိတ်ခေါ်သွားမယ်။ ဒါမှလည်း ဖွံ့ဖြိုးမှုနည်းတဲ့ဒေသတွေမှာ ရင်းနှီးမြှုပ်နှံမှုတွေ များများဝင်လာနိုင်မှာပါ”ဟု ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်ထဲတွင် ဖွံ့ဖြိုးမှုနည်းသည့်ဒေသများကို ဇုန်(၁) အဖြစ် သတ်မှတ်ထားပြီး ယင်းဇုန်ထဲတွင် ရင်းနှီးမြှုပ်နှံပါကဝင်ငွေခွန်ကင်းလွတ်ခွင့် ၇ နှစ်အထိ ရရှိမည်ဖြစ်ကြောင်း ယင်းဌာနထံမှသိရသည်။
ကရင်ပြည်နယ်တွင် ဇုန်(၁) ဟု သတ်မှတ်ထားသည့် မြို့နယ်ပေါင်း ၇ မြို့နယ်ရှိပြီး ဘားအံ၊ လှိုင်းဘွဲ့၊ ဖာပွန်၊ သံတောင်ကြီး၊ ကော့ကရိတ်၊ ကြာအင်းဆိပ်ကြီးနှင့် မြဝတီမြို့နယ်တို့ ပါဝင်သည်။
“အရင်တည်းက စိုက်ပျိုးရေးလုပ်တဲ့သူတွေလည်း ဒီလိုမျိုး အခွန်ကင်းလွတ်ခွင့်ပေးရင် ကောင်းမယ်။ ကရင်ပြည်နယ်က ပြည်တွင်း လုပ်ငန်းရှင်တွေက မနည်း လည်ပတ်နေရတာ”ဟု သံတောင်ကြီး ဒေသတွင် ကော်ဖီပင်စိုက်ပျိုးသူ ဦးတင်စိုးက ပြောကြားသည်။
လာမည့် နိုဝင်ဘာလ ၂၄ ရက်နေ့တွင်လည်း ကရင်ပြည်နယ် ဘားအံမြို့၌ ရင်းနှီးမြှုပ်နှံမှုပြပွဲကို ကျင်းပမည်ဖြစ်ပြီး စီးပွားရေးလုပ်ရန် သင့်တော်သည့် အခွင့်အလမ်းကောင်းများကိုလည်း ပြောကြားရှင်းလင်းမည်ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့် ကုမ္ပဏီများ ညွှန်ကြားမှု ဦးစီးဌာနထံမှ သိရသည်။
Credit: The Voice