ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ်ရှိ ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာ စီမံကိန်း အပိုင်း (၂) က တိုက်ခန်း ၈၆၄ ခန်းကို သည်နှစ်ကုန်ပိုင်း အပြီး တည်ဆောက်သွားမှာဖြစ်တယ်လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေး ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က သိရပါတယ်။
‘အိမ်ရာစီမံကိန်း ပြီးခဲ့တဲ့ ၂၀၁၅ ဒီဇင်ဘာလက စတင်ဆောက်လုပ်နေတာ၊ စီမံကိန်းကို ဒီနှစ်ကုန်အပြီး ဆောက်လုပ်နိုင်ဖို့ သတ်မှတ်ထာပါတယ်။’ လို့ ရန်ကုန်မြို့တော်စည်ပင်သာယာရေါ်ကော်မတီ အင်ဂျင်နီယာဌာန (အဆောက်အအုံ) က တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သည်တိုက်ခန်းတွေကို အရစ်ကျ ဒါမှမဟုတ် ဘဏ်ချေးငွေဖြင့် ရောင်းချပေးထားပြီး တိုက်ခန်း ၀ယ်ယူခွင့်ရရှိသူတွေက တိုက်ခန်းတန်ဖိုးရဲ့ ၃၀ ရာခိုင်နှုန်းကို ၀ယ်ယူခွင့်ရရှိတဲ့နှစ်လအတွင်း အပြီးပေးချေရမှာဖြစ်ပါတယ်။
သတ်မှတ်ကာလအတွင်း ငွေစတင်ပေးသွင်းခြင်းမရှိတဲ့အခန်းတွေကို ၀ယ်ယူခွင့်ပယ်ဖျက်ပြီး မဲနှိုက်ထားတဲ့ အရန်စာရင်းကြီးစဉ်ငယ်လိုက်ကို ဆက်လက်ရောင်းချသွားမှာ ဖြစ်ပါတယ်။
ရောင်းချမယ့် တိုက်ခန်းဈေးနှုန်းတွေက U 900 အမျိုးအစားမှာ Type A စတုရန်းပေ ၉၂၇ ပေရှိ အခန်း ၅၇၀ ရှိပြီး တစ်ခန်းကို ကျပ် ၃၇၇ သိန်း၊ Type B မှာ စတုရန်းပေ ၈၇၇ ပေရှိ အခန်း ၃၈ ခန်းရှိပြီး တစ်ခန်းကို ကျပ် ၃၅၉ သိန်း၊ U 600 အမျိုးအစား Type A မှာ စတုရန်းပေ ၆၁၄ ပေရှိ အခန်း ၂၄၀ ရှိပြီး တစ်ခန်း ကျပ် ၂၈၅ သိန်း၊ Type B စတုရန်းပေ ၅၆၅ ပေရှိ အခန်း ၁၆ ခန်းရှိပြီး တစ်ခန်းကို ကျပ် ၂၅၇ သိန်းနဲ့ ရောင်းချေပးသွားမှာဖြစ်ပါတယ်။
အခန်းတွေကို အစိုးရ၀န်ထမ်းဖြစ်ပါက လုပ်သက် နှစ် ၂၀ အထက်ရှိရမှာဖြစ်ပြီး အမှန်တကယ် နေထိုင်မည်ဖြစ်ကြောင်း သက်ဆိုင်ရာ ၀န်ကြီးဌာနရဲ့ ထောက်ခံချက် နဲ့ လျှောက်ထားခွင့်ပြုတာဖြစ်ပါတယ်။
နိုင်ငံသားမှန်ပုံတင်ကိုင်ဆောင်ထားသူဖြစ်ပြီး အိမ်ထောင်ဦးစီးဖြစ်ရမှာဖြစ်တယ်။ တစ်လ မိသားစုဝင်ငွေကျပ်သုံးသိန်းအထက်ရရှိသူတွေကိုလည်း လျှောက်ထားခွင့်ပြုထားပါတယ်။ သည်အပိုင်း (၂) ရဲ့ အခန်းဈေးနှုန်းနဲ့ အခန်းအကျယ်အ၀န်း တို့ဟာ အရင်ကရောင်းချခဲ့တဲ့ အခန်းတွေထက်ပိုမိုကျယ်ဝန်းပြီး အခန်းဈေးနှုန်းတွေလည်း ကျပ်သိန်း ၃၀ နီးပါးပိုမိုများပြားတယ်လို့ သိရပါတယ်။
လက်ရှိမှာ စီမံကိန်း တည်ဆောက်အကောင်အထည်ဖော်မှုမှာ ၆၀ ရာခိုင်နှုန်းခန့် ပြီးစီးနေပြီဖြစ်ပြီး နောက်ထပ် ဗိုလ်မှူးဗထူးတန်ဖိုးမျှတအိမ်ရာအပိုင်း (၃) ကိုလည်း ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် (၄၈) ရပ်ကွက် အတွင်း သပြေခြံအနီး အကောင်အထည်ဖော်ဆောင်ရွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။
ဗိုလ်မှူးဗထူး တန်ဖိုးမျှတအိမ်ရာ အပိုင်း (၂) မှာ လေးခန်းတွဲ၊ ရှစ်ထပ်တိုက် ၂၇ လုံးမှ တိုက်ခန်း ၈၆၄ ခန်းကို အစိုးရ၀န်ထမ်း များသာမက မိသားစုလစဉ်ဝင်ငွေသုံးသိန်း ရှိသူတိုင်း လျှောက်ခွင့်ပြုခဲ့ပြီး လျှောက်လွှာတစ်စောင်ကို ငွေက်ပ် ၁၀၀၀ ဖြင့် အင်ဂျင်နီယာဌာန (အဆောက်အအုံ) မြေညီထပ် မှာ ၀ယ်ယူကာ မေလ ၂ ရက်နေ့မှ ဇွန်လ ၂ ရက်နေ့အတွင်း လျှောက်ထားခွင့်ပြုခဲ့ကြောင်းသိရပါတယ်။
Credit: The Kumudra