ရန်ကုန်စတော့ အိတ်ချိန်း၏ ရှယ်ယာရောင်းဝယ်ချိန်ကို တစ်နေ့နှစ်ကြိမ်မှ သုံးကြိမ်သို့ ပြောင်းလဲမည့် အစီအစဉ်မှာ ၂၀၁၈ လောက်မှသာ စတင်နိုင်ဖွယ်ရှိကြောင်းသတင်းရရှိသည်။
ရှယ်ယာရောင်းဝယ်ရာတွင် ပိုမိုအဆင်ပြေစေရန် ရောင်းဝယ်ချိန်ကို တိုးမြှင့်ခြင်း ဖြစ်သည်။
‘‘Matching Time ကို တိုးဖို့ ရှိတယ်။ ဒီနှစ်ထဲမမှီရင် နောင်နှစ်ကိုစနိုင်အောင်ကြိုးစားမယ်။ အခုတော့ လိုအပ်တာတွေ ပြင် ဆင်နေပါပြီ’’ဟု ရန်ကုန်စတော့ အိတ်ချိန်း အကြီးတန်း အမှု ဆောင်မန်နေဂျာ ဦးသက်ထွန်းဦး က ပြောသည်။
အချိန်ကို ထပ်မံတိုးမြှင့်မည် ဖြစ်သောကြောင့် ရှယ်ယာ အရောင်းအဝယ် ပြုလုပ်ရာတွင် ဘဏ်များနှင့် ချိတ်ဆက်ပြီး လုပ်ဆောင်နေရခြင်း၊ Securities ကုမ္ပဏီများဖြင့် ချိတ်ဆက်လုပ်ဆောင်နေရခြင်းများကို ထပ်မံပြင်ဆင်ရမည်ဖြစ်ကြောင်း ဦးသက်ထွန်းဦးက ပြောသည်။
လက်ရှိ ရန်ကုန်စတော့အိတ်ချိန်းတွင် ရှယ်ယာရောင်းဝယ်ချိန်အဖြစ် နံနက် ၁၁ နာရီနှင့် မွန်းလွဲ ၁ နာရီတို့တွင် ပြုလုပ် လျက်ရှိသည်။အရောင်းအဝယ် ကျဆင်း နေသော ရန်ကုန်စတော့အိတ် ချိန်းသို့ ငါးခုမြောက်စာရင်းဝင် ကုမ္ပဏီအဖြစ် ဝင်ရောက်မည့် MAPCO သည် ရှယ်ယာအသစ်များ ရောင်းချမည်ဆိုခြင်း ကြောင့် စတော့အိတ်ချိန်းသည် စိတ်ဝင်စားမှု ပြန်လည်မြင့်တက်လာနိုင်သည်ဟု ရှယ်ယာရောင်းဝယ်သူများက ခန့်မှန်းနေကြသည်။
လက်ရှိတွင် MAPCO ကုမ္ပ ဏီကို ငွေကြေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM)ကလိုအပ်သည့်အချက်အလက်များ ထပ် မံဖြည့်စွက်စေပြီး ၎င်းတို့ဘက်မှ လုံလောက်သည့် ပြင်ဆင်မှုများ ပြုလုပ်နေသောကြောင့် မဝင် ရောက်နိုင်သေးကြောင်း ငွေကြေး သက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင်အဖွဲ့ဝင် ဦးဌေးချွန်က ပြောသည်။
လက်ရှိ၌ ရန်ကုန်စတော့ အိတ်ချိန်းတွင် ရောင်းချနေသော ကုမ္ပဏီလေးခုသည် မူလကတည်း က ၎င်းတို့တွင်ရှိပြီးသား ရှယ်ယာများထုတ်ရောင်းခြင်းသာဖြစ် ပြီး MAPCO ကုမ္ပဏီက ရန်ကုန်စတော့အိတ်ချိန်း၌ စာရင်းဝင်ကုမ္ပဏီဖြစ်လာပါက ရှယ်ယာအသစ်များ ရောင်းချရန် ပြင်ဆင်လာခြင်းဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com