မန္တလေးမြို့ရဲ့ နေရာတချို့မှာ ယခုလပိုင်းအတွင်း ပေ၄၀ x ပေ၆၀ မြေကွက်တွေကို ပေါက်ဈေးထက်လျှော့ရောင်းချနေတာတွေရှိလာတယ်လို့ သိရပါတယ်။
မဟာအောင်မြေ မြို့နယ် ၊ ရဲမွန်တောင်ရပ်ကွက်က မြေကွက်တချို့နဲ့ ချမ်းမြသာစည်မြို့နယ် ၊ မနော်ဟရီ တောင်မြောက်ဝဲယာက မြေကွက်တွေကို ငွေလိုအပ်နေသူတွေက ဈေးလျှော့ရောင်းချကြတာလို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးက ပြောပါတယ်။
‘ ငွေလိုတဲ့ သူတွေပေါ့ ၊ ငွေလိုတော့ သူတို့ သူတို့လက်ထဲရှိတာကို ထုတ်ရောင်းကြတယ် ၊ ဈေးတန်းကတော့ သူများနဲ့နည်းတူမရဘဲ ချရောင်းရတာပေါ့ ၊ တချို့ သိန်း ၂၀၀၀ ဝန်းကျင်လောက် ရှိတာကို သိန်း ၁၈၀၀ လောက်နဲ့ ချရောင်းတာမျိုး ၊ သိန်း၆၀၀ တန်ကို သိန်း ၅၀၀နဲ့ ချရောင်းတာမျိုး၊ တချို့ ဌာနဆိုင်ရာတွေကလဲ သူတို့ပိုင်တဲ့ မြေလေးတွေကို ထုတ်ရောင်းကြတာရှိတယ် ‘ လို့ အိမ်ခြံမြေအကျိုးဆောင် တစ်ဦးဖြစ်တဲ့ ဦးမင်းက ပြောပါတယ်။
အများအားဖြင့် သိန်း၆၅၀ နဲ့သိန်း ၇၀၀ တန်ဖိုးရှိ ပေ ၄၀ x ပေ ၆၀ မြေကွက်တွေကို ရောင်းချကြတာများတယ်လို့ ဆိုပါတယ်။
ချမ်းမြသာစည်မြို့နယ်နဲ့ ပြည်ကြီးတံခွန်မြို့နယ်တွေမှာ ပေ၄၀ x ပေ ၆၀ အကျယ်မြေကွက်တွေကို သိန်း၆၅၀ ၊သိန်း ၇၀၀ ၊ ၁၅ ပေ x ပေ ၄၀ မြေကွက်တွေကို ကျပ်သိန်း ၂၀၀ နဲ့ ရောင်းချကြတာလို့ သိရတယ်။
‘ ရောင်းတဲ့သူတွေပိုများတယ်၊ဝယ်တဲ့သူက နေဖို့ဝယ်ကြတာများတယ်၊ ဒါပေမဲ့ သူတို့တွေက ပုံမှန်ဈေးနှုန်းကိုတော့ မဝယ်ဘူး၊ ဈေးချရောင်းတာကို စောင့်ပြီး ဝယ်ကြတာ ၊ အိမ်ငှါးနေမယ့်သူတွေက အိမ်မငှါးတော့ဘဲ ကိုယ်နိုင်တာလေးနဲ့ ဝယ်ပြီး နေကြတာပေါ့ ၊ ချရောင်းလို့လဲ အရောင်းအဝယ်ဖြစ်နေတာ ‘ လို့ ဦးမင်းက ရှင်းပြပါတယ်။
Credit: The Modern