အမေရိကန်ရုပ်ရှင်မင်းသမီး အီဗာလွန်ဂိုးရီးယားသည် ဟောလိဝုဒ်ကြယ်ပွင့် တွမ်ခရုစ်ထံမှ ဝယ်ယူထားသည့် လော့စ်အိန်ဂျလိနေအိမ်ကို ပြန်လည်ရောင်းချရန် ဈေးကွက်တင်လာသည်။
လွန်ဂိုးရီးယားသည် ယခုလအစောပိုင်းတွင် လော့စ်အိန်ဂျလိမြို့၊ ဆန်တာမိုနီကာအရပ် Beverly Crest ရှိ နေအိမ်တစ်လုံးကို ဝယ်ယူခဲ့ပြီးလည်း ဖြစ်သည်။
ယခုရောင်းချမည့်နေအိမ်မှာ လော့စ်အိန်ဂျလိမြို့၏ နာမည်ကျော် ဟောလိဝုဒ်ဟေးလ်ဝက်စ်တွင် တည်ရှိပြီး တွမ်ခရုစ်ထံမှ ဝယ်ယူခဲ့သည်မှာ ၂ နှစ်ခန့်သာ ရှိသေးသည်။
တွမ်ခရုစ်ထံမှ ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၁၁ ဒသမ ၄ သန်းပေးခဲ့ရပြီး သူ၏စီးပွားရေးမန်နေဂျာမှတစ်ဆင့် ဝယ်ယူခဲ့ခြင်းဖြစ်ကြောင်း အိမ်ခြံမြေမှတ်တမ်းများတွင် ဖော်ပြသည်။
ယခုအခါ ယင်းနေအိမ်ကို ကန်ဒေါ်လာ ၁၄ သန်းဖြင့် ဈေးခေါ်ထားရာ ခေါ်ဈေးအတိုင်းရောင်းထွက်လျှင် ကန်ဒေါ်လာ ၂ သန်းကျော် မြတ်စွန်းမည် ဖြစ်သည်။
“တွမ်နဲ့ကျွန်မ သိကျွမ်းရင်းနှီးပါတယ်။ (တွမ်ခရုစ်ကို ဆိုလိုသည်) သူက ဒီအိမ်ကို ကောင်းကောင်းပြင်ဆင်ခဲ့တာပါ။ ဘာကြောင့်လဲဆိုတော့ ဒီအိမ်က အံ့အားသင့်ဖွယ်လှပနေလို့ပါ” ဟု လွန်ဂိုးရီးယားက ဆိုသည်။
ဝယ်ယူပြီးနောက်ပိုင်း လွန်ဂိုးရီးယားတို့ ဇနီးမောင်နှံသည် Rios Clementi Hale Studios မှ ဗိသုကာပညာရှင် မာ့ခ်ရီယိုစ်ကို ငှားရမ်းက ပြန်လည်ပြုပြင်မွမ်းမံခဲ့ကြောင်း အရောင်းဈေးကွက်တင်သည့် Coldwell Banker Residential Brokerage ကုမ္ပဏီ၏ ကြော်ငြာတွင် ဖော်ပြသည်။
နောက်ပိုင်းတွင်မူ လွန်ဂိုရီးယားတို့ ဇနီးမောင်နှံသည် အခြားနေရာတွင် ပြောင်းရွှေ့အခြေချရန် ဆုံးဖြတ်ခဲ့ကြကာ ယခုလအစောပိုင်းတွင် Beverly Crest ရှိ နေအိမ်တစ်လုံးကို ကန်ဒေါ်လာ ၁၃ ဒသမ ၅ သန်းဖြင့် ဝယ်ယူခဲ့သည်။
လွန်ဂိုးရီးယားအသစ်ဝယ်ယူလိုက်သောနေအိမ်မှာ တွမ်ခရုစ်ထံမှ ဝယ်ခဲ့သောအိမ်ထက် များစွာခမ်းနားလှပသည်ဟု ဆိုသည်။
ယခုဈေးကွက်တင်သည့် နေအိမ်မှာ ခြံအကျယ်အဝန်း ၂ ဒသမ ၅ ဧကကျယ်ဝန်းကာ ပုံသဏ္ဍာန်မတူသည့် နေအိမ် ၂ လုံး ပါဝင်သည်။
နေအိမ်တစ်လုံးမှာ ကျေးလက်ဗိသုကာဟန်ဖြင့် ဆောက်လုပ်ထားကာ အိပ်ခန်း ၄ ခန်း၊ ရေချိုးခန်း ၄ ခန်းပါဝင်သည်။အခြားတစ်လုံးမှာမူ စပိန်ဗိသုကာဟန်ဖြစ်ကာ အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်သည်။
ဝိုင်သိုလှောင်ခန်း ပြုလုပ်နိုင်သည့် ကျောက်တုံးဂိုထောင်တစ်လုံး၊ ကား ၃ စင်းဆန့် ဂိုဒေါင်၊ စတူဒီယိုခန်း ၂ ခန်းလည်း ပါဝင်သည်။အီဗာလွန်ဂိုးရီးယား၏ အမည်အပြည့်အစုံမှာ အီဗာ ဂျက်ကလင်း လွန်ဂိုးရီးယား ဘက်စ်တန်ဖြစ်ပြီး အမေရိကန် သရုပ်ဆောင်၊ ရုပ်ရှင်ထုတ်လုပ်သူ၊ ဒါရိုက်တာတစ်ဦးဖြစ်ကာ ၁၉၇၅ ခုနှစ်၊ မတ်လ ၁၅ ရက်တွင် မွေးဖွားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)