ရော့ခ်အင်ရိုးဂီတကို စတင်ဖော်ထုတ်ခဲ့သူ အဲလ်ဗစ်ပရက်စလေနှင့် ဇနီးဖြစ်သူ ပရစ်စီလာတို့ မင်္ဂလာဦးပျားရည်ဆမ်းကာလတွင် ငှားရမ်း နေထိုင်ခဲ့သည့် အမေရိကန်ပြည်ထောင်စု၊ နီဗားဒါးပြည်နယ်၊ လာ့စ်ဗီးဂပ်စ်မြို့ရှိ နေအိမ်ကြီး အရောင်းဈေးကွက်ဝင်လာသည်။
ပရက်စလေနှင့် ပရစ်စီလာတို့သည် ၁၉၆၇ ခုနှစ်တွင် ထိမ်းမြားမင်္ဂလာဆောင်နှင်းခဲ့ကြပြီးနောက် ခေတ်သစ်ဟန်ဖြင့် ဆောက်လုပ်ထားသည့် အဆိုပါနေအိမ်ကြီးတွင် နေထိုင်ခဲ့ကြသည်။
လာ့စ်ဗီးဂပ်စ်မြို့၊ ပန်မ်စပရင်းစ်အရပ်တွင် တည်ရှိပြီး House of Tomorrow ဟု အမည်ပေးထားသည်။
ပရက်စလေတို့ဇနီးမောင်နှံသည် လာ့စ်ဗီးဂပ်စ်တွင်ပင် လျှို့ဝှက်စွာမင်္ဂလာဆောင်ခဲ့ကြပြီးနောက် ယင်းနေအိမ်တွင် နေထိုင်ခဲ့ကြခြင်း ဖြစ်သည်။
အလက်ဇန္ဒားဆောက်လုပ်ရေးကုမ္ပဏီပိုင်ရှင် ရောဘတ်အလက်ဇန္ဒားအတွက် နာမည်ကျော်ဗိသုကာပညာရှင် ဝီလျံခရစ်ဆယ်လ်က ဒီဇိုင်းရေးဆွဲပေးကာ ဆောက်လုပ်ခဲ့သည့် နေအိမ်ဖြစ်သည်။
အလက်ဇန္ဒားကုမ္ပဏီသည် ၁၉၅၀ နှင့် ၁၉၆၀ ပြည့်လွန်ကာလများအတွင်း ကယ်လီဖိုးနီးယားတောင်ပိုင်းတွင် ခေတ်သစ်ဟန် နေအိမ်ပေါင်း ၂၀၀၀ ကျော်ဆောက်လုပ်ခဲ့သည်။
၁၉၆၅ ခုနှစ်တွင်ကား ကုမ္ပဏီတည်ထောင်သူများဖြစ်သည့် ရောဘတ်နှင့် ဂျော့အလက်ဇန္ဒားတို့ လေယာဉ်ပျက်ကျကာ ကွယ်လွန်ခဲ့ကြသည်။
ပရက်စလေသည် အဆိုပါနေအိမ်ကို ၁၉၆၆ ခုနှစ်မှ ၁၉၆၇ ခုနှစ်အထိ ငှားရမ်းနေထိုင်ခဲ့ခြင်း ဖြစ်သည်။လွန်ခဲ့သော ၂၀၁၄ ခုနှစ်အတွင်း အရောင်းဈေးကွက်ဝင်လာခဲ့ဖူးသော်လည်း ရောင်းမထွက်ခဲ့ချေ။
နေအိမ်၏ ကြမ်းခင်းဧရိယာမှာ စတုရန်းပေ ၅၀၀၀ ခန့်ရှိပြီး အိပ်ခန်း ၅ ခန်းနှင့် ရေချိုးခန်း ၅ ခန်း ပါဝင်သည်။အတွင်းပိုင်းတွင် မှန်နံရံများ၊ ကျောက်တုံးနံရံများ၊ ကြီးမားသည့် မှန်ပြတင်းများဖြင့် မွမ်းမံထားသည်။အိမ်ရှေ့အမိုးမှာ မြက်ခင်းပေါ်သို့ အုပ်မိုးနေကာ ပန်းကန်ပြားပျံတစ်ခုနှင့် အလားတူနေသည်။
နံဘေးဘက်ရှိ လျှောဆင်းနေသော အမိုးနှစ်ခုမှာ အတောင်ပံနှစ်ခုကဲ့သို့ ဖြစ်နေသည်။
ခြံဝန်းမှာ တစ်ဧကခန့်ရှိပြီး ခြံဝန်းအတွင်း ရေကူးကန်နှင့် တင်းနစ်ကွင်းတို့ ပါဝင်သည်။လွန်ခဲ့သော ၃ နှစ်က ဈေးခေါ်ခဲ့သည်မှာ ကန်ဒေါ်လာ ၉ ဒသမ ၅ သန်းဖြစ်သော်လည်း ယခုအခါတွင်မူ ၅ ဒသမ ၉ သန်းသာ ဈေးခေါ်ထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)