အာဖရိကတိုက်အနောက်မြောက်ပိုင်း၊ မော်ရိုကိုနိုင်ငံ၏ မြောက်ဘက်တွင် ရှက်ဖ်ရှာဝမ်အမည်ရှိ မြို့ကလေးတစ်မြို့ရှိသည်။
အဆိုပါမြို့ကလေး၏ ထူးခြားချက်မှာ တစ်မြို့လုံးရှိ အဆောက်အအုံအားလုံးကို အပြာရောင်ဆေးသုတ်ထားခြင်းဖြစ်ပြီး အပြာရောင်မြို့တော်ဟုလည်း ခေါ်ဆိုကြသည်။
ယခုအခါ မြို့တော်ဝန်က မြို့ကလေးအား အစိမ်းရောင်ပေါင်းစပ်ပေးရန် စီစဉ်လျက်ရှိသည်။တနည်းဆိုရလျှင် စိမ်းလန်းစိုပြည်ကာ သဘာဝပတ်ဝန်းကျင်နှင့် သဟဇာတဖြစ်လာစေရန် ကြိုးပမ်းခြင်းဟု ဆိုလိုသည်။မော်ရိုကိုသည် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းမှုဆိုင်ရာ ကတိကဝတ်ပြုထားသည်များရှိရာ ရှက်ဖ်ရှာဝမ်ကို စံပြဒေသတစ်ခု ဖြစ်လာစေရန် ရည်မှန်းထားသည်။
ရှက်ဖ်ရှာဝမ်ရှိ အဆောက်အအုံနံရံများကို အဘယ်ကြောင့် အပြာရောင်ချည်းသာ သုတ်ကြသနည်းဟူခြင်းနှင့် စပ်လျဉ်း၍ အယူအဆအမျိုးမျိုးရှိနေသည်။
အထင်ရှားဆုံး အယူအဆတစ်ခုမှာ အပြာရောင်သည် ခြင်ပြေးစေသောကြောင့်ဟူသည့် ယူဆချက်ဖြစ်၏။
အခြားအယူအဆတစ်ခုမှာ ဂျူးလူမျိုးတို့သည် ၁၉၃၀ ပြည့်လွန်ကာလများတွင် ဟစ်တလာထံမှ ထွက်ပြေးခဲ့ကြပြီးနောက် အပြာရောင်ကို စတင်မိတ်ဆက်အသုံးပြုခဲ့ကြခြင်းဖြစ်သည်ဟူ၍ ဖြစ်သည်။အပြာရောင်သည် ကောင်းကင်နှင့် နိဗ္ဗာန်ဘုံကို ကိုယ်စားပြုသည်ဟု ဆိုသည်။မြို့တော်ဝန် မိုဟာမက် ဆီဖီယာနီက ပြောကြားရာတွင် ရှက်ဖ်ရှာဝမ်သည် လွန်ခဲ့သည့် ၇ နှစ်ထက် ပိုမို၍ စိမ်းလန်းစိုပြည်စ ပြုလာပြီဖြစ်ကြောင်း ပြောကြားသည်။
အဇစ်သည် အသက်လေးဆယ်ကျော်အရွယ်ရှိပြီဖြစ်ပြီး ဒေသတွင်းကောင်စီဝင်တစ်ဦးဖြစ်သည်။သူက လျှပ်စစ်စက်ဘီးကလေးဖြင့် ဆောက်လုပ်ရေးလုပ်ငန်းခွင်များကို လှည့်လည်စစ်ဆေးလေ့ရှိသည်။လျှပ်စစ်စက်ဘီးကို အသုံးပြုခြင်းမှာ လက်တွေ့ကျပြီး ဂေဟဗေဒနှင့်လည်း သဟဇာတဖြစ်ကြောင်း အဇစ်ကဆိုသည်။
ကမ္ဘာလှည့်ခရီးသည်တို့ ရှက်ဖ်ရှာဝမ်ကို ချစ်မြတ်နိုးကြသည့် အခြားအကြောင်းရင်းတစ်ရပ်မှာ မူးယစ်ဆေးဝါးအလွယ်တကူ ရရှိနိုင်သောကြောင့် ဖြစ်၏။
မော်ရိုကိုနိုင်ငံမြောက်ပိုင်းသည် ဆေးခြောက်စိုက်ခင်းများ အဓိကလုပ်ကိုင်ကြသည့်နေရာဖြစ်ရာ ရှက်ဖ်ရှာဝမ်၏ ခရီးသွားလုပ်ငန်းကို အဓိကမောင်းနှင်ပေးသည့် အကြောင်းရင်းတစ်ခု ဖြစ်သည်။
နွေဥတုပေါက်လျှင် ဟိုတယ်ပေါင်း ၂၀၀ ကျော်တွင် ဥရောပကမ္ဘာလှည့်ခရီးသည်တို့ဖြင့် ပြည့်နှက်သွားလေ့ရှိသည်။ရှက်ဖ်ရှာဝမ်သည် ဈေးဝယ်အချက်အချာနေရာအဖြစ်လည်း နာမည်ကျော်သည်။မော်ရိုကို၏ အခြားဒေသများတွင် မတွေ့ရဘဲ ရှက်ဖ်ရှာဝမ်တွင်သာ ဝယ်ယူရရှိနိုင်သည့် သိုးမွှေးအဝတ်အထည်များ၊ ရက္ကန်းစောင်များကဲ့သို့သော လက်မှုပစ္စည်းများ ဝယ်ယူရရှိနိုင်ခြင်းကြောင့် ဖြစ်သည်။
ဆိတ်နို့မှပြုလုပ်သော ဒိန်ခဲမှာလည်း ကမ္ဘာလှည့်ခရီးသည်တို့အကြား နာမည်ကျော်သည်။မော်ရိုကိုနိုင်ငံတွင် ရှက်ဖ်ရှာဝမ်သည် ဆေးခြောက်အဓိကထုတ်လုပ်ဖြန့်ဖြူးရာနေရာတစ်ခုလည်း ဖြစ်သည်။ရှက်ဖ်ရှာဝမ်မြို့ကလေးကို ၁၄၇၁ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။တောတောင်ကြားတွင် တည်ရှိခြင်းကြောင့် ရှေးယခင်က လူသူအရောက်အပေါက်နည်းပါးခဲ့သည်။
၁၅ ရာစုနှင့် ၁၇ ရာစုတွင်မူ မိုရစ်စ်ကော့များနှင့် စပိန်မှနှင်ထုတ်ခံရသော ဂျူးလူမျိုးများရောက်ရှိလာခြင်းကြောင့် ကြီးထွားဖွံ့ဖြိုးလာသည်။
၁၉၂၀ ပြည့်နှစ်တွင် စပိန်တို့က ရှက်ဖ်ရှာဝမ်ကို သိမ်းယူလိုက်ကာ စပန်းနစ်မော်ရိုကိုအဖြစ် သိမ်းသွင်းခဲ့သည်။
၁၉၅၆ ခုနှစ်တွင် မော်ရိုကိုနိုင်ငံလွတ်လပ်ရေးရရှိပြီးနောက်ပိုင်း စပိန်က ရှက်ဖ်ရှာဝမ်မြို့ကို ပြန်လည်ပေးအပ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)