ဂျပန်နိုင်ငံအစိုးရ၏ အကူအညီဖြင့်JICA (ဂျပန် အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ) နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန တံတားဦးစီးဌာနတို့ ပူးပေါင်း၍ ပဲခူးမြစ်ကူးတံတား (သန်လျင်တံတား အမှတ် ၃) ကို တည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ သိရသည်။
ပဲခူးမြစ်ကူးတံတား နှစ်စင်း (သန်လျင်တံတား အမှတ် ၁၊ ၂ ) ရှိရာတွင် အမှတ် (၁) တံတားမှာ ကားလမ်းတစ်ဖက် တစ်ချက်စီနှင့် အလယ်တွင် ရထားလမ်းပါ ထည့်သွင်း တည်ဆောက်ထားသော်လည်း လက်ရှိတွင် ယာဉ်အစီးရေ တိုးတက်များပြားလာခြင်း၊ သီလဝါအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်လာခြင်းတို့ကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ရှိနေပြီး အဆိုပါသန်လျင်တံတား အမှတ်(၁)၏ ဘေးတွင် သန်လျင်တံတား အမှတ်(၃)ကို ဂျပန်နိုင်ငံ၏ ကူညီ ထောက်ပံ့မှုဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရ သည်။
တံတားအသစ်တွင် ၄၄၈ မီတာ ရှည်သော ကြိုးဆိုင်းတံတား၊ ၁ဝ၃၃ မီတာရှည်သော သံပေါင်ရက်မတံတား၊ ၅၅ဝ မီတာရှည်သော PC ရက်မ တံတား စသည့် အဓိကတည်ဆောက်ပုံ အစိတ်အပိုင်း သုံးခု ပါဝင်သည်ဟု သိရပြီး တံတားအစိတ်အပိုင်း အားလုံး၏ စုစုပေါင်း အရှည်မှာ ၂ဝ၃၁ မီတာ ရှည်လျားမည်ဖြစ်ကြောင်း သိရသည်။
ယင်းတံတားသည် ကုန်တင်မှုဆိုင်ရာ ပြဿနာများကို ဖြေရှင်းပေးနိုင်မည်ဖြစ်ပြီး ကုန်တင်ကားများနှင့် နောက်တွဲ ယာဉ်များကဲ့သို့ လေးလံသော ယာဉ်များကိုလည်း သက်သောင့်သက်သာဖြင့် အန္တရာယ်ကင်းစွာ သွားလာခွင့်ပေးနိုင်မည်ဟု သိရသည်။ ယင်းတံတား စီမံကိန်းနှင့်အတူ ရန်ကုန်ဘက်ခြမ်းတွင် လမ်းဆုံ နှစ်ခုပေါ် ဖြတ်သန်းလျက် မိုးပျံလမ်းတစ်ခုကိုလည်း တည်ဆောက်မည်ဟု သိရသည်။
အဆိုပါတံတား၏ ရေရှည်ဘေးအန္တရာယ်ကင်းရှင်းစေရေး၊ လုံခြုံရေး အတွက် non-linear dynamic analysis အပါအဝင် ငလျင်တိုင်းတာ စစ်ဆေးမှုများနှင့် wind tunnel testsအပါအဝင် မုန်တိုင်း၊ လေတိုက်နှုန်း တိုင်းတာစစ်ဆေးမှုများကိုလည်း ပြုလုပ်ထားပြီးဖြစ်ကြောင်း သိရသည်။
၂ဝ၁၆ ခုနှစ် အစိုးရသစ် စတင်တာဝန်ယူပြီးချိန်တွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်၏ ဂျပန်နိုင်ငံခရီးစဉ်အပြီးတွင် ဂျပန်နိုင်ငံအစိုးရအနေဖြင့် မြန်မာနိုင်ငံသို့ ပေးအပ်မည့် ကူညီထောက်ပံ့မှုများ၊ အတိုးနှုန်း သက်သာသော ချေးငွေများ၊ နည်းပညာပိုင်းဆိုင်ရာ ထောက်ပံ့ကူညီမှုများအပါအဝင် ပေးအပ် မည့် အမေရိကန်ဒေါ်လာ ရှစ်ဘီလီယံအနက် ရန်ကုန်-သန်လျင်တံတားသစ် တည်ဆောက်ခြင်းစီမံကိန်းလည်း ပါဝင်ခဲ့ပြီး လယ်ယာစိုက်ပျိုးရေး၊ ရန်ကုန်မြို့ပြ ဖွံ့ဖြိုးရေး၊ လျှပ်စစ်မီးရရှိရေး၊ လေဆိပ်များ၊ လူ့စွမ်းအားအရင်းမြစ် ဖွံ့ဖြိုး တိုးတက်မှုလုပ်ငန်းများ၊ အခြေခံအဆောက်အအုံပိုင်းဆိုင်ရာများတွင် ကူညီ ထောက်ပံ့မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်သွားမည်ဖြစ်ပြီး သီလဝါ အထူးစီးပွားရေးဇုန် ဖွံ့ဖြိုးတိုးတက်ရေးတွင် အရေးပါသည့် သယ်ယူပို့ဆောင်ရေး လမ်းကြောင်းဖြစ်သည့် သန်လျင်တံတား အမှတ် (၃)တည်ဆောက်ရေးသည်လည်း အဓိက စီမံကိန်းတစ်ခုဖြစ်ကြောင်းJICA မှ သိရသည်။
ဂျပန်နိုင်ငံJICA ၏ ကူညီထောက်ပံ့မှုနှင့်အတူ အဆိုပါ သီလဝါအထူး စီးပွားရေးဇုန်သို့ ရန်ကုန်မြို့တွင်းမှ ချိတ်ဆက်မည့် လမ်းကြောင်းတစ်ခုတွင် ပါဝင်နေသည့် သာကေတတံတားသစ် တည်ဆောက်မှုတွင်လည်း ခန့်မှန်း ကုန်ကျစရိတ်မှာ ဂျပန်ယန်း သန်း ၃၃၆ဝ ခန့်ဖြစ်ပြီး ပြန်လည်ပေးဆပ်ရန် မလိုသော နှောင်ကြိုးမဲ့ ကူညီမှုဖြစ်ကာ ၂ဝ၁၈ ခုနှစ်တွင် ပြီးစီးရန် လျာထား ကြောင်း သိရသည်။
ယင်းတံတားအား ဖြတ်သန်းမည့် လမ်းကြောင်းအတိုင်း သန်လျင်တံတား အမှတ် (၃)နှင့် ချိတ်ဆက်ကာ သီလဝါအထူးစီးပွားရေးဇုန်သို့ အမြန်ဆုံးရောက်ရှိနိုင်မည့် လမ်းကြောင်းတစ်ခုအဖြစ် အကောင်အထည်ဖော် ဆောင်ရွက်နေကြောင်း သိရသည်။
Credit: The Mirror