၁၈၉၄ မြေသိမ်း ဥပဒေအရ မြေသိမ်းဆည်းလိုပါက ပြည်ထဲရေး ၀န်ကြီးဌာန လက်အောက်ရှိ အထွေထွေအုပ်ချုပ် ရေးဦးစီးဌာနသို့ တင်ပြရမည်ဖြစ် သော်လည်း အသစ်ရေးဆွဲထားသည့် ၂၀၁၇ ခုနှစ် မြေသိမ်းဥပဒေ ကြမ်းတွင် မြေတည်ရှိရာ တိုင်း ဒေသကြီးနှင့် ပြည်နယ်ဝန်ကြီးချုပ်နေပြည်တော်ကောင်စီဥက္ကဋ္ဌတို့ ထံ တင်ပြရန် ပြင်ဆင်ရေးဆွဲထားသည်။
‘‘အရင်တုန်းကဆိုရင် အ ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန တစ်ခုတည်းက တာဝန်ယူပြီး တော့ ဒိုင်ခံဆောင်ရွက်တဲ့ ဥပဒေ ဖြစ်နေတယ်။ အခုကတော့ မြေလိုချင်တဲ့သူက ပြည်နယ်နဲ့ တိုင်းဒေသကြီးအစိုးရဆီမှာ လျှောက်ရမယ့်အနေအထားဖြစ်သွားတော့ ပြည်နယ်၊ တိုင်းအစိုးရတွေကို အလေးပေးထားတဲ့ ဥပဒေဖြစ်တာ တွေ့ရတယ်’’ဟု မြေယာအရေးကျွမ်းကျင်သူ ဥပဒေပညာရှင်
ဦးမောင်မောင်ညွန့် (ဥပဒေသုတေ သီ)က ပြောသည်။
၂၀၁၇ မြေသိမ်းဥပဒေကြမ်းကို အမျိုးသားလွှတ်တော် တောင်သူလယ်သမားရေးရာ ကော်မတီဥက္ကဋ္ဌ ဦးဘမျိုးသိန်းက လွှတ်တော်သို့ တင်သွင်းထားပြီး
လက်ရှိတွင် အများပြည်သူ လေ့လာအကြံပြုနိုင်ရန် ထုတ်ပြန်ထားသည်။
ယင်းဥပဒေကြမ်းကို ၁၈၉၄ မြေသိမ်းဥပဒေပါအချက်များနှင့် ၂၀၁၆ အမျိုးသားမြေအသုံးချမှုမူဝါဒတို့အပေါ် အခြေခံ၍ မြေယာပိုင်ဆိုင်ရာကျွမ်းကျင်ပညာ ရှင်များနှင့် တွေ့ဆုံညှိနှိုင်းကာ တစ်နှစ်ခန့်အချိန်ယူရေးဆွဲထား ကြောင်း ဦးဘမျိုးသိန်းက ပြော သည်။
‘‘နိုင်ငံရဲ့ ဖွံ့ဖြိုးရေး၊ အနာဂတ်ကောင်းကျိုးအတွက် ဆောင် ရွက်တဲ့အခါမှာ မြေကိုအသုံးချ ရမှာပဲ၊ အသုံးပြုရမှာပဲ။ သိမ်းစရာရှိတာ သိမ်းရမှာပဲ။ အဲဒီအခါမှာ မျှမျှတတဆောင်ရွက်နိုင်အောင် ဒီဥပဒေကအများကြီးအထောက် အကူပေးနိုင်မှာပါ’’ဟု ၎င်းက ပြောသည်။
၂၀၁၇ မြေသိမ်းဥပဒေကြမ်းတွင် စကားရပ်အရ ပြင်ဆင်သင့်သည့်အချက်များ ရှိသော်လည်း မြေသိမ်းခံရမည့် ပြည်သူများ အတွက် ကာကွယ်ပေးနိုင်ရန်နှင့် တရားမျှတစွာဆောင်ရွက်နိုင်ရန်အချက်များပါဝင်ကြောင်း ဦးမောင်မောင်ညွန့်က ပြောသည်။
‘‘အုပ်ချုပ်ရေးအဖွဲ့အစည်း က မြေသိမ်းမယ်ဆိုတဲ့ အဆိုပြု ချက်ကို တရားရုံးကနေလျှောက် ထားပြီးတော့ ကန့်ကွက်ပိုင်ခွင့် ပြည်သူကိုပေးထားတယ်။ မြေ တကယ်သိမ်းပြီဆိုရင်လည်း မြေသိမ်းခံပြည်သူကို ငွေလျော်ကြေး တင်မဟုတ်ဘဲ မြေယာအစားပေး တာတွေ၊ မူလစီးပွားရေး၊ လူမှုရေး အခြေအနေမျိုးပြန်ရောက်အောင် လုပ်ပေးရမယ်ဆိုတာလည်းပါလာတယ်’’ဟု ၎င်းက ပြောသည်။
ထို့ပြင် တည်ဆဲဥပဒေတစ် ရပ်ရပ်အရ မြေကိုရယူအသုံးပြု ခြင်းကြောင့် အကျိုးစီးပွားထိခိုက် နစ်နာမှုများရှိခဲ့ပါက ဤဥပဒေပါ လျော်ကြေး၊ နစ်နာကြေး၊ ပြန် လည်နေရာချထားမှုနှင့် လူမှုစီး ပွားဘ၀ပြန်လည်ထူထောင်ခြင်း လုပ်ငန်းစဉ်များကျင့်သုံးဆောင် ရွက်ရမည်ဟု ဥပဒေကြမ်းတွင် ထည့်သွင်းရေးဆွဲထားသည်။
သို့သော် ယင်းဥပဒေကြမ်း နှင့်ပတ်သက်၍ တောင်သူလယ် သမားအရေးနှင့် မြေယာအရေး လှုပ်ရှားနေသည့် အဖွဲ့အစည်းအချို့က မြေသိမ်းခံပြည်သူများ၏ အခွင့်အရေးကို ထိရောက်စွာအကွယ်ပေးနိုင်သည့်အချက်များမပါဝင်ကြောင်း ဝေဖန်ပြီး ပြင်ဆင်ဖြည့်စွက်သင့်သည့်အချက်များကို လွှတ်တော်သို့ ပေးပို့ရန် ဆောင်ရွက်နေသည်။
‘‘ဒီဥပဒေကြမ်းမှာက ဘယ် လိုလုပ်ငန်းမျိုးဆို ဘယ်လောက် အတိုင်းအတာအထိ သိမ်းခွင့်ရှိ တယ်ဆိုတဲ့ တိတိကျကျဖော်ပြ ထားချက်မျိုးမပါဘူး။ ဥပမာ တပ် အတွက် သိမ်းမယ်ဆိုရင် လက် နက်ခဲယမ်းမီးကျောက်အတွက်ဆို ရင် ဘယ်နှဧက၊ လုံခြုံရေးအတွက်ဆိုရင် ဘယ်နှဧကစသဖြင့် တိတိကျကျဖော်ပြထားတဲ့ ဥပဒေ မျိုးမဟုတ်ဘူး’’ဟု မြန်မာနိုင်ငံ တောင်သူလယ်သမား သမဂ္ဂဥက္ကဋ္ဌ ဒေါ်စုစုနွေးက ပြောသည်။
လက်ရှိတွင် ဥပဒေကြမ်းကို အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီသို့ လွှဲအပ်ကြောင်းလွှတ်တော်ဥက္ကဋ္ဌ မန်းဝင်းခိုင်သန်းက ကြေညာပြီး ဥပဒေကြမ်းအတည်ပြုနိုင်ရေး ဆက်လက်ဆွေးနွေးရမည် ဖြစ်သည်။
Credit: 7Daydaily