တရုတ်နိုင်ငံတွင် အိမ်သစ်ရောင်းအားသည် ယခုနှစ်၏ ပထမ ၁၀ လတာအတွင်း ဂဏန်းတစ်လုံးနှုန်းအားဖြင့်သာ မြင့်တက်ခဲ့ကြောင်း တရုတ်အမျိုးသားစာရင်းအင်းဗျူရို (NBS) က ယမန်နေ့ (နိုဝင်ဘာ ၁၄) တွင် ထုတ်ပြန်ခဲ့သည်။ အဘယ်ကြောင့်ဆိုသော် တရုတ်အိမ်ခြံမြေဈေးကွက်သည် ဆက်လက်တည်ငြိမ်အေးစက်ခဲ့သဖြင့် ဖြစ်သည်။
အစိုးရ မတည်သော တန်ဖိုးနည်း အိမ်ရာများမှအပ ယခုနှစ် ဇန်န၀ါရီမှ အောက်တိုဘာအတွင်း အိမ်သစ်စုစုပေါင်းရောင်းချရသည့် တန်ဖိုး ယွမ် ၈ ဒသမ
၅၅ ထရီလျံ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၉ ထရီလျံ) ကျော်ခဲ့ပြီး ယမန်နှစ်၏ ထိုဆယ်လတာရောင်းရချရမှုထက် ၉ ဒသမ ၆ ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။
ဧရိယာအားဖြင့်လည်း ၅ ဒသမ ၆ ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီး ၁ ဒသမ ၁၂ ဘီလျံ စတုရန်းမီတာ ရောင်းချခဲ့ရကြောင်း ဗျူရိုအချက်အလက်များက ပြသနေသည်။
"မြို့အများအပြားမှာ အိမ်ခြံမြေမူဝါဒတင်းကျပ်မှုအမျိုးမျိုး စတင်ပြုလုပ်လိုက်တဲ့ ၂၀၁၆ စတုတ္ထသုံးလပတ်ကလည်းက ပထမတန်းစားနဲ့ အဓိကဒုတိယတန်းစားမြို့ကြီး ၁၅ မြို့က အိမ်ဈေးမြင့်တက်မှုနှုန်းတွေဟာ နှေးကွေးငြိမ်ကျလာပြီး တစ်လထက်တစ်လ မြင့်တက်မှုနှုန်း တန့်လာတာကို တွေ့ရပါတယ်။ ဒါဟာ အစိုးရရဲ့ အိမ်ခြံမြေဈေးကွက်တည်ငြိမ်စေရေး ရည်ရွယ်ဆောင်ရွက်စီမံမှုတွေ သက်ဝင်ထိရောက်တယ်ဆိုတဲ့ သက်သေပါ" ဟု ဗျူရို၏ ပြောခွင့်ရအမျိုးသမီး
လျိုအိုက်ဟွားက ပြောကြားခဲ့သည်။
"ရှေ့လျှောက်လည်း အိမ်ခြံမြေဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှုနှုန်း ငြိမ်လာပြီး အိမ်ခြံမြေရောင်းအားက သင့်တော်ကောင်းမွန်တဲ့နှုန်းရောက်လာတာတွေကြောင့်
အိမ်ခြံမြေဈေးကွက် အခြေအနေကောင်းမွန်စွာ ဆက်လက်ဖွံ့ဖြိုးဖို့၊ ဆက်လက်ဖွံ့ဖြိုးမယ်လို့ ကျွန်မတို့ မျှော်လင့်ခန့်မှန်းထားကြပါတယ်" ဟုလည်း သူမက ပြောကြားခဲ့သည်။
ယခုနှစ်ပထမဆယ်လတာအတွင်း စုစုပေါင်းအိမ်ခြံမြေရင်းနှီးမြှုပ်နှံမှုတွင် လူနေအိမ်ဖွံ့ဖြိုးရေးရင်းနှီးမြှုပ်နှံမှုက ၆၈ ဒသမ ၃ ရာခိုင်နှုန်း ရှိခဲ့ပြီး ယမန်နှစ်၏
ထိုဆယ်လတာကထက် ၉ ဒသမ ၉ ရာခိုင်နှုန်း မြင့်တက်ခဲ့ကာ ၆ ဒသမ ၁၈၇ ထရီလျံယွမ် ရှိခဲ့ကြောင်း သိရသည်။
တရုတ်တွင် အိမ်ဝယ်ယူခွင့်စည်းမျဉ်းပိုမိုတင်းကျပ်မှု၊ လက်ငင်းငွေချေမှုပမာ
ဏတိုးမြှင့်မှုနှင့် အိမ်ဝယ်ယူမှုဆိုင်ရာ ဘဏ်ချေးငွေအတိုးနှုန်းတိုးမြှင့်မှု
စသည့် အိမ်ခြံမြေဈေးကစားမှုနှိမ်နင်းရေး စီမံချက်များက နိုင်ငံတစ်ဝန်း
အိမ်ခြံမြေရောင်းအားကို သိသိသာသာနှေးကွေးလာစေခဲ့ပြီ ဖြစ်သည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း)
အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com