ကုမ္ပဏီများဥပဒေပြဋ္ဌာန်းပြီးမှသာ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံမှုများ ပြန်လည်ဆောင်ရွက်လာနိုင်ဖွယ်ရှိကြောင်း ကုန်သည်စက်မှုအသင်းချုပ်မှသိရသည်။ ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် ကုမ္ပဏီများဥပဒေကို စောင့်ကြည့်လေ့လာသုံးသပ်ပြီးမှ ရင်းနှီးမြှုပ်နှံမှုများကို ဆုံးဖြတ်လုပ်ကိုင်ကြမည်ဖြစ်ခြင်းကြောင့် လက်ရှိနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများသာမက ပြည်တွင်းရင်းနှီးမြှုပ်နှံမှုများမှာလည်း ကျဆင်းလျက်ရှိကြောင်း သိရသည်။
ကုန်သည်စက်မှုအသင်းချုပ်၏ အထွေထွေအတွင်းရေးမှူးချုပ် ဦးအောင်ကြည်စိုးက ''ရင်းနှီးမြှုပ်နှံမှုသဘောကတော့ ပြီးခဲ့တဲ့ အစိုးရသက်တမ်းမှာလည်း ရင်းနှီးမြှုပ်နှံမှုဥပဒေကို စောင့်ဆိုင်း နေကြပါတယ်။ ရင်းနှီးမြှုပ်နှံမှု ဥပဒေထွက်ပေါ်လာပြီးနောက်မှာ ပိုများလာတယ်။ အခုတစ်ခါလည်း ကုမ္ပဏီများအက်ဥပဒေက နှစ်ပေါင်း ၁ဝဝ ကျော်နေပြီဖြစ်တဲ့အတွက်ကြောင့် ဒီကုမ္ပဏီများ အက်ဥပဒေကို လည်း ပြန်ဆွဲနေပါတယ်။
ဥပမာ-ကုမ္ပဏီများဥပဒေထဲမှာရှိနေတဲ့ လက်ရှိတည်ဆဲဥပဒေအရဆိုရင် နိုင်ငံခြားသားရှယ်ယာတစ်စုပါရင် ဒီကုမ္ပဏီက နိုင်ငံခြားသားနဲ့ joint venture ကုမ္ပဏီဖြစ်သွားပါတယ်။ ဒါပေမဲ့ လက်ရှိထွက်လာမယ့်ဥပဒေသစ်မှာတော့ ရာခိုင်နှုန်းတစ်ခုကို ခွင့်ပြုပေးပြီးတော့ သူတို့သည်နိုင်ငံသားကုမ္ပဏီပဲဖြစ်အောင် ဒါမျိုး ဥပဒေရေးဆွဲတာရှိပါတယ်။ ဒါကိုသူတို့တွေစောင့်နေကြတယ်လို့ ပြောပါတယ်။ အဓိပ္ပာယ်ကတော့ရင်းနှီးမြှုပ်နှံမှုအားလုံး ဒီဥပဒေ ထွက်လာပြီးနောက်မှာ သူတို့ဆောင်ရွက်ကြမယ်လို့သိရပါတယ်''ဟု နိုဝင်ဘာ ၉ ရက်ကပြောသည်။ ယင်းဥပဒေထွက်ပေါ်လာပြီးနောက် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု များဝင်ရောက်လာချိန်တွင် ပြည်တွင်း၌ ကျွမ်းကျင်လုပ်သားများကို အဓိကပြင်ဆင်ထားရန်လိုအပ်ကြောင်း သိရသည်။
ဦးအောင်ကြည်စိုးက ''ရင်းနှီးမြှုပ်နှံမှုဝင်ရောက်လာမှာနဲ့ပတ်သက်ပြီး ပြင်ဆင်စရာတွေတော်တော်များပါတယ်။ အဓိကအကျဆုံး ဖြစ်တဲ့ကျွမ်းကျင်လုပ်သားပါ။ ကျွမ်းကျင်လုပ်သားသည် ကျွန်တော်တို့ နိုင်ငံအတွက်အဓိကလိုအပ်ချက်ဖြစ်ပါတယ်။ အခုလိုပဲရင်းနှီးမြှုပ်နှံမှုလာတဲ့အချိန်မှာ တယ်လီနောလာတယ်။ အူရီဒူးလာတယ်။ သူတို့ တွေသည် ကမ္ဘောဒီးယားကဖြစ်စေ၊ ဖိလစ်ပိုင်ကဖြစ်စေခေါ်လာကြပါတယ်။ ဘာကြောင့်လည်းဆိုရင် ကျွန်တော်တို့ဆီမှာ လေ့ကျင့်သင်ကြားပြီး ပျိုးထောင်ထားတဲ့ ကျွန်တော်တို့ရဲ့အင်ဂျင်နီယာတို့ စက်မှုလက်မှု ပညာရှင်တို့က လိုအပ်ချက်နဲ့ Ready မဖြစ်ပါဘူး။ Ready မဖြစ်တဲ့ အတွက်ကြောင့် ခေါ်လာတာဖြစ်တယ်။ ဒါကြောင့် အားလုံးပြင်ဆင် ဆောင်ရွက်သွားရမှာဖြစ်တယ်။ လက်ရှိကျွန်တော်တို့နိုင်ငံကို အာဆီယံ၊ ဂျပန်၊ ကိုရီးယား၊ အီးယူစိတ်ဝင်စားကြပါတယ်။ ဒီနိုင်ငံတွေအားလုံးက ဥပဒေခိုင်ခိုင်မာမာရှိမှုအပေါ် ရင်းနှီးမြှုပ်နှံမှုပြုလုပ်လေ့ရှိကြပါတယ်'' ဟု ပြောသည်။ ရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းပြီးသော်လည်း ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ကုမ္ပဏီများဥပဒေကိုစောင့်ကြည့် လေ့လာသုံးသပ်ပြီးမှသာ ရင်းနှီးမြှုပ်နှံမှုများ ဆုံးဖြတ်လုပ်ကိုင်ကြ မည်ဖြစ်ခြင်းကြောင့် အစိုးရအနေဖြင့် လာမည့်နှစ်တွင်ယင်းဥပဒေ ကိုပြဋ္ဌာန်းနိုင်အောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်းသိရသည်။
Credit: Democracytoday