စင်္ကာပူမှာ အသက် ၈၀ နှစ်ရှိ မုဆိုးမတစ်ဦးက ဒေါ်လာ ၄ သန်းတန်
မိသားစုနေအိမ်၏ ရာခိုင်နှုန်း ၆၀ ရှယ်ယာပိုင်ဆိုင်ခွင့်နှင့်ပတ်သက်၍
၎င်းနေအိမ်၏ အဓိကတာဝန်ရှိသူအဖြစ် လွှဲအပ်ခံထားရသော မြေးဖြစ်သူအား
တရားစွဲဆိုလိုက်ကြောင်း နေ့စဉ်ထုတ်စင်္ကာပူအင်္ဂလိပ်သတင်းစာ
The New Paper က နိုဝင်ဘာ ၉ ရက်တွင် ဖော်ပြခဲ့သည်။
သူမခင်ပွန်း၏ သေတမ်းစာတွင် အိမ်ပိုင်ဆိုင်မှုအမွေဆက်ခံသူစာရင်း၌
အကြီးဆုံးမြေးဖြစ်သူ အသက် ၃၉ နှစ်ရှိ အန်ဝီချိုင်နှင့် အငယ်ဆုံးသားတို့သာ
ပါဝင်ပြီး သူမ၏ အမည် မပါဝင်ခဲ့ပေ။
မြေးဖြစ်သူ အန်ဝီချိုင်က Farrer လမ်းရှိ ထိုနှစ်ထပ်အိမ်ကြီးကို ရောင်းချရန်နှင့်
သူ၏ ဦးလေးများနှင့် အဘွားတို့က ထိုအိမ်ကြီးမှ ပြောင်းရွှေ့ပေးရန် တရားရုံးသို့ လျှောက်ထားလိုက်ပြီးနောက် အဘွား လင်မ်ဟိုနီယိုက ထိုကဲ့သို့ တရားစွဲဆိုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
မြေးဖြစ်သူအန်ဝီချိုင်က သူသည် ၎င်းအိမ်ကြီး၏ အမည်ပေါက်ပိုင်ဆိုင်သူဖြစ်သော အဘိုး၏ ဆန္ဒများကို ဖြည့်ဆည်းပေးနေရုံမျှသာ ဖြစ်ကြောင်း ပြောကြားထားသည်။
မစ္စတာ အန်ဟိုဆိုင်သည် ၂၀၁၄ ခုနှစ်တွင် သေဆုံးခဲ့ပြီး သူ၏ ဇနီး လင်မ်နှင့်
သားသမီး ငါးဦး ထွန်းကားခဲ့ကာ တစ်ဦးက ၁၉၈၂ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။သူတို့ဇနီးမောင်နှံသည် ထိုအိမ်ကို ၁၉၆၇ ခုနှစ်တွင် ဒေါ်လာ ၃၆,၅၀၀ ဖြင့်
ဝယ်ယူခဲ့ကြခြင်း ဖြစ်သည်။
လင်မ်က သူသည် ၎င်းဝယ်ယူမှုတွင် ကျသင့်ငွေ၏ ၆၀ ဒသမ ၃ ရာခိုင်နှုန်း
ဖြစ်သော ဒေါ်လာ ၂၂၀၀၀ ကို ထည့်ဝင်ခဲ့ကြောင်း၊ ခင်ပွန်းဖြစ်သူက
အိမ်အရောင်းအ၀ယ်သဘောတူညီမှုကို ပြုလုပ်ခဲ့ပြီး မိသားစု၏ ဥသျှောင်လည်း
ဖြစ်သဖြင့် အိမ်အား ခင်ပွန်း၏ အမည်ဖြင့် မှတ်ပုံတင်ခဲ့ခြင်း ဖြစ်ကြောင်း
ပြောကြားနေသည်။
ထိုငွေစိုက်ထည့်ခဲ့မှုအရဆိုပါက သူမသည် ယင်းအိမ်၏ ၆၀ ဒသမ ၃ ရာခိုင်နှုန်း
ကို ပိုင်ဆိုင်ကြောင်း သူမ၏ ရှေ့နေက ပြောကြားခဲ့သည်။
ထို့ကြောင့် လင်မ်က ထိုအိမ်မရောင်းထွက်မီ ဆက်လက်နေထိုင်ခွင့်နှင့်
ရောင်းချပြီးနောက် ရောင်းရငွေ၏ ၆၀ ဒသမ ၃ ရာခိုင်နှုန်းတို့အား သူမ
ရပိုင်ခွင့်ရှိကြောင်း တရားရုံးမှ အမိန့်ချကြေညာပေးစေလိုနေကြောင်း သိရသည်။
ခင်အေးချမ်း မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးဘာသာပြန် ရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com