ကိုယ်ဝန်လွယ်ထားရသောကြောင့် အားကစားလောကမှ ခေတ္တအနားယူထားသည့် ကမ္ဘာ့အဆင့်တစ် တင်းနစ်မယ်ဟောင်း ဆရီနာဝီလျံသည် လော့စ်အိန်ဂျလိမြို့၊ ဘဲအဲရ်ရှိ နေအိမ်ကို အရောင်းဈေးကွက်တင်ပြီးနောက် နာမည်ကျော်ဘီဗာလီဟေးလ်တွင် နေအိမ်ဝယ်ယူလိုက်သည်။
ဆရီနာဝီလျံသည် ဘဲအဲရ်နေအိမ်ကို ကန်ဒေါ်လာ ၁၂ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သည်မှာ မကြာသေးချေ။
ယခုအခါ ဘီဗာလီဟေးရှိနေအိမ်ကို ဝယ်ယူရာတွင် ကန်ဒေါ်လာ ၆ ဒသမ ၇ သန်းပေးခဲ့ရသည်ဟု ဆိုသည်။
ဆရီနာဝီလျံသည် ခင်ပွန်းဖြစ်လာမည့် အလက်ဇစ် အိုဟာနီယန်၊ သမီးငယ် အလက်ဇစ်တို့နှင့်အတူ ဘီဗာလီဟေးလ်နေအိမ်တွင် နေထိုင်ကြမည် ဖြစ်သည်။
နေအိမ်ကို စပိန်ဗိသုကာဟန်ဖြင့် ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်မှ ဆောက်လုပ်ထားခြင်းဖြစ်ပြီး အိပ်ခန်း ၅ ခန်း၊ ရေချိုးခန်း ၇ ခန်းပါဝင်သည်။
ထူးခြားချက်ပေါ်လွင်သည်မှာ ဝက်သစ်ချသား ကြမ်းခင်း၊ အဖြူရောင်နံရံများနှင့် အနက်ရောင်ပြတင်းဖရိန်များ ဖြစ်ကြသည်။
အမိုးခုံးသဏ္ဍာန် အဝင်ပေါက်တံခါးမှ ဝင်ရောက်ပါက အခန်းအလယ်တွင် အနက်ရောင် မီးလင်းဖိုရှိသည့် ဧည့်ခန်းသို့ ရောက်ရှိမည် ဖြစ်သည်။
မီးဖိုဆောင်မှာ စားဖိုမှူးကိုင်တွယ်နိုင်သည့်အဆင့် ပစ္စည်းကိရိယာစုံလင်စွာတပ်ဆင်ထားပြီး နံရံအောက်ခြေ လေးဘက်လုံးတွင် အဖြူရောင်နံရံကပ်ဗီရိုများ
ထည့်သွင်းထားသည်။
Master bedroom တွင် မီးလင်းဖိုတစ်ခု ပါဝင်ပြီး ရေချိုးခန်းနှင့် မှန်တံခါးတစ်ခုဖြင့် ပိုင်းခြားထားသည်။နေအိမ်အတွင်း အရက်ဘား၊ ဝိုင်သိုလှောင်ခန်း၊ ယောဂခန်းမတို့လည်း ပါဝင်သည်ကို တွေ့ရသည်။
ဘဲအဲရ်နေအိမ်အား အရောင်းဈေးကွက်တင်ခဲ့ပုံကို iMyanmarHouse.com တွင် ရေးသားတင်ပြခဲ့ပြီးဖြစ်ရာ ပြန်လည်ဖတ်ရှုလိုပါက https://www.imyanmarhouse.com/news/read/679421
အင်တာနက်လင့်ခ်တွင် ဖတ်ရှုနိုင်ပါသည်။
ဆရီနာဝီလျံသည် ယူအက်စ်အိုးပင်း အမျိုးသမီးတင်းနစ်ပြိုင်ပွဲတွင် ၁၉၉၉ ၊ ၂၀၀၂၊ ၂၀၀၈၊ ၂၀၁၂၊ ၂၀၁၃ နှင့် ၂၀၁၄ ရာသီများတွင် ဗိုလ်စွဲခဲ့ပြီး ကမ္ဘာ့အဆင့် ၁ အဖြစ် ရပ်တည်ခဲ့သည်။
လက်ရှိအားဖြင့် ကမ္ဘာ့အဆင့် ၁ အဖြစ် ရပ်တည်နေသည်မှာ ရိုမေးနီးယားတင်းနစ်မယ် ဆီမိုနာ ဟာလက်ပ် ဖြစ်သည်။
ဆရီနာဝီလျံ၏ အမည်အပြည့်အစုံမှာ ဆရီနာ ဂျမီကာ ဝီလျံစ်ဖြစ်ပြီး ၁၉၈၁ ခုနှစ်၊ စက်တင်ဘာလ ၂၆ ရက်တွင် မွေးဖွားသည်။
အမျိုးသမီးတင်းနစ်အသင်း (WTA) ၏ အဆင့်သတ်မှတ်ချက်တွင် ကမ္ဘာ့အဆင့် ၁ အဖြစ် ၂၀၀၂ ခုနှစ်မှ ၂၀၁၇ ခုနှစ်အထိ ရပ်တည်ခဲ့သည်။
ကမ္ဘာ့အဆင့် ၁ နေရာ ပထမဆုံးစတင်ရရှိခဲ့သည်မှာ ၂၀၀၂ ခုနှစ်၊ ဇူလိုင်လ ၈ ရက်တွင် ဖြစ်သည်။
ဝေဖန်ရေးဆရာများ၊ ကစားသမားများနှင့် အားကစားဆောင်းပါးရှင်များစွာတို့က ဆရီနာဝီလျံကို သမိုင်းတစ်လျှောက် အကောင်းဆုံး အမျိုးသမီး တင်းနစ်ကစားသမားအဖြစ်
သတ်မှတ်ထားကြသည်။၂၀၁၇ ခုနှစ်၊ ဧပြီလ ၁၉ ရက်တွင် ကိုယ်ဝန်လွယ်ထားရခြင်းကြောင့် ၂၀၁၈ ခုနှစ်အထိ တင်းနစ်လောကမှ အနားယူမည်ဖြစ်ကြောင်း ထုတ်ဖော်ကြေညာခဲ့သည်။
ဆရီနာဝီလျံစ်သည် ၂၀၁၆ ခုနှစ်အတွင်း ဝင်ငွေအကောင်းဆုံး အမျိုးသမီးအားကစားသမားစာရင်းတွင် ပါဝင်ခဲ့ပြီး ကန်ဒေါ်လာ ၂၈ ဒသမ ၉ သန်း ဝင်ငွေရခဲ့သည်။
ယခု ၂၀၁၇ ခုနှစ်အတွင်းတွင်လည်း ဖော့ဘ်မဂ္ဂဇင်းကြီးက ထုတ်ပြန်သော ဝင်ငွေအကောင်းဆုံး အားကစားသမား ၁၀၀ စာရင်းတွင် ဆရီနာ ဝီလျံပါဝင်ခဲ့ပြီး ထိုစာရင်းတွင် ပါဝင်သည့်တစ်ဦးသော အမျိုးသမီးလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)