နိုင်ငံခြားဘဏ်များက ပြည်တွင်း ဘဏ်များမှတစ်ဆင့် SME (အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်း) များကို ထပ်ဆင့်ချေးငွေ (Two-Step Loan) ထုတ်ပေးနိုင်ရေးအတွက် ဗဟိုဘဏ်က စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
အဆိုပါ ကိစ္စသည် ပြည်တွင်းဘဏ်များနှင့် ညှိနှိုင်းရန်လိုအပ်ပြီး အတိုးနှုန်း သက်သက်သာသာဖြင့် ချေးပေးနိုင်ရေးအတွက်လည်း စီစဉ်ထားကြောင်း၊ ပြည်တွင်းဘဏ်များ လုပ်သာကိုင်သာ ရှိစေရေးအတွက် လက်ရှိတွင် အတိုးနှုန်းကို ကန့်သတ်ထားသည့် အချို့သော အချက်များကိုလည်း ဖြေလျှော့ပေးမည်ဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။
“SMEs တွေနဲ့ ပတ်သက်လို့ ပြည်တွင်းဘဏ်တွေက ကျယ်ကျယ်ပြန့်ပြန့် မချေးပေးနိုင်ဘူးဆိုတာ သိထားတယ်။ ဒါတစ်ခုတည်းနဲ့ နိုင်ငံခြားဘဏ်တွေကို လုပ်ကိုင်ခွင့်ပေးလို့ မရသေးဘူး။ ဒီတော့ အတိုးနှုန်း အသက်သာဆုံးနဲ့ ချေးပေးနိုင်ဖို့ စဉ်းစားနေပါတယ်။ ဥပမာ ပြည်တွင်းဘဏ်တွေက နိုင်ငံခြားဘဏ်တွေထံကယူပြီး ၈ ရာခိုင်နှုန်းနဲ့ ချေးနိုင်မလားဆိုတာ စဉ်းစားနေတုန်းပါ”ဟု ၎င်းက ရှင်းပြသည်။
နိုင်ငံခြားဘဏ်များ ပြည်တွင်း ဈေးကွက်ထဲသို့ ဝင်ရောက်လာပါက အတိုးနှုန်း သက်သာစွာဖြင့် ပြည်တွင်း လုပ်ငန်းရှင်များကို ငွေချေးမည်ဟု ထင်နေကြသော်လည်း လက်တွေ့တွင် အမှန်တကယ် ဖြစ်လာနိုင်ခြေ နည်းပါးကြောင်း၊ ပြည်တွင်းလုပ်ငန်းများ၏ အခြေအနေကိုကြည့်ကာ ဆုံးရှုံးနိုင်ခြေ ပမာဏကို ကာမိရန်အတွက် ပြည်တွင်းဘဏ်များ၏ အတိုးနှုန်းထက် အနည်းငယ်သာ လျော့မည်ဖြစ်ကြောင်း ကမ္ဘောဇဘဏ်မှ အကြီးတန်းအရာရှိ တစ်ဦးက ပြောကြားသည်။
“အခုက တစ်ဆင့် ချေးပုံစံမျိုးနဲ့လုပ်မှ ပိုအဆင်ပြေမယ်။ တကယ်လို့များ နိုင်ငံခြားဘဏ်တွေနဲ့ JV (ဖက်စပ်) လုပ်နိုင်မယ်ဆိုရင် ဘဏ်အငယ်လေးတွေကလည်း SME တွေကို ပိုချေးလာနိုင်လိမ့်မယ်”ဟု ၎င်းကဆိုသည်။
လက်ရှိတွင် နိုင်ငံခြားဘဏ်များက ပြည်တွင်း ဘဏ်များမှတစ်ဆင့် စီးပွားရေး လုပ်ငန်း အကြီးစားများကိုသာ ချေးငွေ ထုတ်ချေးခြင်းနှင့် နိုင်ငံခြား ကုမ္ပဏီများကို ချေးငွေ ချပေးခြင်းများ ဆောင်ရွက်နေကြောင်း၊ ပြည်တွင်း လုပ်ငန်းရှင်များကလည်း နိုင်ငံတကာနှင့် နှိုင်းယှဉ်ပါက အတိုးနှုန်း မြင့်နေသည့်အတွက် နိုင်ငံခြားဘဏ်များထံမှ တိုက်ရိုက်ငွေချေး လိုကြသည်။
“ကျွန်တော်တို့မှာ အရင်းအနှီး လိုပါတယ်။ ပို့ကုန်များများ တင်ပို့ချင်ရင် ထုတ်လုပ်မှုစရိတ် ကျဖို့လိုတယ်။ နိုင်ငံခြားသားတွေက အတိုး ၂ ကျပ်လောက်နဲ့ အလုပ် လုပ်နေတဲ့အချိန် ကျွန်တော်တို့က ၁၃ ကျပ်နဲ့ အလုပ် လုပ်နေရတော့ ဘယ်လိုမှ မယှဉ်နိုင်ပါဘူး။ ဒီတော့ အတိုးနှုန်း ချပေးဖို့ လိုပါတယ်”ဟု ငါးမွေးမြူရေး လုပ်ငန်းရှင် ဦးကျော်ကျော်မျိုးက ပြောကြားသည်။
Credit: The Voice