တောင်ကြီးမြို့ပေါ် ရပ်ကွက်တွေက လုံးချင်းအိမ်တွေ အငှားသွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
အဆောင်ဖွင့်မယ့်သူတွေ ကျူရှင် စာကျက်ဝိုင်းဖွင့်မယ့်သူ ကွန်ပျူတာသင်တန်း ၊ ကုမ္ပဏီဖွင့်မယ့်သူ နိုင်ငံခြား အင်န်ဂျီအိုရုံးခန်း ဖွင့်မယ့်သူတွေ အများဆုံးငှားရမ်းနေကြတယ် လို့ဆိုပါတယ်။
တစ်လကို သုံးသိန်းကနေ ငါးသိန်းဝန်းကျင် ဈေးနှုန်းရှိ အိမ်ခြံမြေ လုံးချင်းအိမ်တွေ အများဆုံးငှားရမ်းနေကြရပြီး စာချုပ် အနေနဲ့ ခြောက်လ ၊တစ်နှစ် ၊နှစ်နှစ် ချုပ်ဆိုကြတယ်လို့ အိမ်ခြံမြေအကျိုးဆောင်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသမီးတစ်ဦးက ပြောပါတယ်။
အစ်မတို့ကို ရှာခိုင်းနေတာ လေး၊ငါးဦး ရှိနေပြီ ၊သိပ်ပြစရာမလိုဘူး ကြိုက်ကြတယ် ၊ဈေးနဲ့ နီးတဲ့နေရာ ၊ရပ်ကွက်နဲ့ အရှေ့မြို့ပတ်လမ်း၊ အနောက်မြို့ပတ်လည်းနဲ့ နီးတဲ့နေရာတွေဆို ငှားမယ့်သူတွေက တစ်ခါတည်းယူကြတယ်လို့ သူကဆက်ပြောပါတယ်။
ဒါ့အပြင် မြို့ပတ်လမ်းအနီးဝန်းကျင်က နှစ်ထပ်ပါတဲ့ တိုက်ခန်းတွေမှာလည်း အငှားသွက်နေတယ်လို့ သိ့ရပါတယ်။ သည်တိုက်ခန်းတွေရဲ့ ငှားရမ်းတဲ့ဈေးနှုန်းကတော့ ကျပ် ၁၅၀၀၀၀ ကနေ ၃၀၀၀၀၀ ၀န်းကျင်တွေသာ အငှားသွက်နေတယ်လို့ ဆိုပါတယ်။
ဒါ့အပြင်မြို့ပြင်ရပ်ကွက်က ခြံဝင်းအလွတ်တွေ ၊မြေနေရာအလွတ်တွေလည်း ငှားရမ်းမှုတွေရှိနေပြီး ပစ္စည်းသိမ်းတဲ့ ဂိုဒေါင်လုပ်တာ၊အိမ်တွင်းမှု လုပ်ငန်းလုပ်သူ တွေနဲ့ ဖူဆယ်ဘောလုံးကွင်း လုပ်မယ့်သူတွေ စိတ်ဝင်စားမှု အများဆုံးရှိနေတယ်လို့ သိရပါတယ်။
သည်လိုမြေနေရာ အလွတ်တွေမှာတော့ သုံးနှစ်ကနေ ငါးနှစ်အထိ နှစ်ရှည်ငှားရမ်းမှုတွေ အများဆုံး ရှိနေတယ်လို့ ငှားရမ်းသူ တစ်ဦးဖြစ်တဲ့ ကိုမြတ်သူက ပြောပြပါတယ်။
ကိုယ်တိုင် အဆောက်အအုံတွေဆောက်ရတော့ စာချုပ်နှစ်ရှည်မှ အဆင်ပြေမယ် ၊ကိုယ်ကပြင်ဆင်ထားပြီးကာမှ မငှားရတော့ဘူးဆိုရင် နစ်နာတယ်လေ ၊ ငွေကိုတော့ နှစ်နှစ်စာပေးထားရတယ်၊ငှားတဲ့ သက်တမ်းကတော့ ငါးနှစ်ပေါ့ ရှေ့နေနဲ့ စာချုပ် ချုပ်တာလို့ သူကဆက်ပြောပါတယ်။
လက်ရှိတောင်ကြီးမြို့ပေါ် ရပ်ကွက်အတွင်း အိမ်ခြံမြေ အရောင်းအ၀ယ်အေးနေပြီးငှားရမ်းတာတွေများနေတယ်။ လူနေထိုင်ဖို့ အတွက် ရပ်ကွက်နေရာအလိုက် အနည်းဆုံး ကျပ် ၅၀၀၀၀ ကနေ ၁၅၀၀၀၀ ၀န်းကျင်တွေလည်း အငှားသွက်နေတယ်လို့ အိမ်ခြံမြေအကျိုးဆောင်တွေဆီက သိရပါတယ်။
Credit: The Modern