နာမည်ကျော် အမေရိကန် သရုပ်ဆောင်မင်းသမီး၊ မော်ဒယ် မီဂန်ဖောက်စ်၏ အမည်အပြည့်အစုံမှာ မီဂန် ဒီနိုက်စ် ဖောက်စ်ဖြစ်ပြီး ၁၉၈၆ ခုနှစ်၊ မေလ ၁၆ ရက်တွင် မွေးဖွားသည်။
၂၀၀၁ ခုနှစ်တွင် သရုပ်ဆောင်လောကသို့ စတင်ဝင်ရောက်ခဲ့ပြီး ရုပ်သံဇာတ်လမ်းတွဲများတွင် စတင်ပါဝင်ခဲ့သည်။၂၀၀၄ ခုနှစ်တွင် သူ၏ ပထမဆုံး ဂီတဇာတ်မြူး ရုပ်ရှင်ဇာတ်ကား Confessions of a Teenage Drama Queen တွင် ပါဝင်သရုပ်ဆောင်ခဲ့သည်။
မီဂန်ဖောက်စ်ကို အထွတ်အထိပ်သို့ ရောက်ရှိစေခဲ့သည်မှာ ၂၀၀၇ ခုနှစ်တွင် ရိုက်ကူးထုတ်လုပ်ခဲ့သည့် ကမ္ဘာကျော်ဇာတ်ကားဖြစ်သော Transformers ဇာတ်ကားဖြစ်သည်။
၂၀၀၉ ခုနှစ်တွင်လည်း Transformers: Revenge of the Fallen တွင် ဆက်လက် ပါဝင်သရုပ်ဆောင်ခဲ့သည်။
မီဂန်ဖောက်စ်ကို လိင်ဆွဲဆောင်မှုအားပြင်းသူအဖြစ် သတ်မှတ်ထားကြပြီး Maxim, Rolling Stone နှင့် FHM မဂ္ဂဇင်းကြီးများတွင် မျက်နှာဖုံးရှင်အဖြစ် ဖော်ပြခြင်းခံခဲ့ရသည်။
ယခုအခါ မီဂန်ဖောက်စ်သည် လော့စ်အိန်ဂျလိမြို့ရှိ သူ၏နေအိမ်ကို အရောင်းဈေးကွက်တင်သွင်းလာ၏။နေအိမ်တွင် အိပ်ခန်း ၃ ခန်း၊ ရေချိုးခန်း ၃ ခန်းပါဝင်ပြီး မီဂန်ဖောက်စ်က ကန်ဒေါ်လာ ၁ ဒသမ ၃ သန်း ဈေးခေါ်ထားသည်။
နေအိမ်ကို ၂၀၀၇ ခုနှစ်တွင် ပြန်လည်ဆောက်လုပ်ခဲ့ခြင်းဖြစ်ပြီး တစ်ထပ်အဆောက်အအုံဖြစ်ကာ ကြမ်းခင်းဧရိယာမှာ ၂၄၉၄ စတုရန်းပေ ကျယ်ဝန်းသည်။
မီးဖိုဆောင်၊ ဧည့်ခန်းနှင့် ညစာစားခန်းတို့ကို ပေါင်းစည်းထားသည်ကို တွေ့ရသည်။
မီဂန်ဖောက်စ်က အဆိုပါနေအိမ်ကို ၂၀၁၂ ခုနှစ်အတွင်း ကန်ဒေါ်လာ ၉၀၀၀၀၀ ဖြင့် ဝယ်ယူထားခြင်းဖြစ်ရာ ယခုခေါ်ဈေးဖြင့် ရောင်းထွက်လျှင် ကန်ဒေါ်လာ ၄၀၀၀၀၀ ခန့် မြတ်စွန်းမည် ဖြစ်သည်။
မီဂန်ဖောက်စ်နှင့် ခင်ပွန်းဟောင်းဖြစ်သူ ရုပ်ရှင်သရုပ်ဆောင် ဘရိုင်ယန် သြစတင် ဂရင်းတို့သည် ၎င်းတို့နှစ်ဦး ပူးတွဲပိုင်ဆိုင်သည့် အိမ်ခြံမြေများကို လွန်ခဲ့သည့်နှစ်အတွင်း ဆက်တိုက်ရောင်းထုတ်ခဲ့ကြသည်။
လွန်ခဲ့သည့်ဒီဇင်ဘာလအတွင်း ကယ်လီဖိုးနီးယားပြည်နယ်၊ တိုလူကာရေကန်ကြီးအနီးရှိနေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၆ သန်းဖြင့် ရောင်းထုတ်ခဲ့၏။
အဆိုပါနေအိမ်ကို ၂၀၁၄ ခုနှစ်အတွင်း ကန်ဒေါ်လာ ၃ ဒသမ ၃၄ သန်းဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်။
ထို့အပြင် ကယ်လီဖိုးနီးယားပြည်နယ်၊ လော့စ် ဖီလစ်ဇ်ရှိနေအိမ်ကိုလည်း ၂၀၁၄ ခုနှစ်၊ သြဂုတ်လအတွင်း ရောင်းထုတ်ခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)