ရန်ကုန် စတော့အိတ်ချိန်း စတင်ပြီး တစ်နှစ်ကျော်လာချိန်တွင် ရှယ်ယာ အရောင်းအဝယ် လျော့ကျလာခြင်းမှာ စတော့ အိတ်ချိန်းဝင် ကုမ္ပဏီများကြောင့် မဟုတ်ကြောင်း စတော့အိတ်ချိန်းမှ အမှုဆောင် အကြီးတန်း မန်နေဂျာ ဦးသက်ထွန်းဦးက ပြောကြားသည်။
လက်ရှိစတော့အိတ်ချိန်းတွင် ကုမ္ပဏီများ၏ ရှယ်ယာ အဟောင်းများကိုသာ အရောင်းအဝယ် လုပ်ဆောင်ခြင်း၊ စတော့အိတ်ချိန်းနှင့် ပတ်သက်သည့် အသိပညာပေးမှုများ လိုအပ်နေသေးခြင်းကြောင့် ရှယ်ယာ အရောင်းအဝယ်များ လျော့ကျနေခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြပြောဆိုသည်။
“ကုမ္ပဏီတွေရဲ့ Performance ကြောင့် ကျနေတာ မဟုတ်ပါဘူး။ ရှယ်ယာ အရောင်းအဝယ် လုပ်ဖို့ အကောင့်ဖွင့်ထားတာကလည်း သုံးသောင်းကျော်လောက်ပဲ ရှိသေးတယ်”ဟု ၎င်းကဆိုသည်။
လာမည့်နှစ်ကုန်ပိုင်းတွင် ရှယ်ယာ အသစ်ရောင်းချမည့် ကုမ္ပဏီတစ်ခုက ရန်ကုန်စတော့အိတ်ချိန်းသို့ ဝင်ရောက်မည်ဖြစ်ပြီး ယင်းကုမ္ပဏီ ဝင်ရောက်လာပါက စတော့ဈေးကွက် ပြန်လည် သွက်လက်လာမည်ဖြစ်ကြောင်း ငွေချေးသက်သေခံ လက်မှတ်လုပ်ငန်း ကြီးကြပ်ရေး ကော်မရှင် (SECM) မှ တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။
ပြီးခဲ့သည့် အောက်တိုဘာလတွင် ရန်ကုန်စတော့အိတ်ချိန်း၏ ရှယ်ယာ အရောင်းအဝယ်သည် ကျပ်တစ်ဘီလီယံဖိုးကျော် အရောင်းအဝယ်ဖြစ်ခဲ့ပြီး တစ်နှစ်ကျော် ကာလအတွင်း အနည်းဆုံး အရောင်းအဝယ် ဖြစ်ခဲ့သည့်လ ဖြစ်သည်။
လက်ရှိအချိန်တွင် ရန်ကုန်စတော့ အိတ်ချိန်း၌ ပထမမြန်မာရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီ (FMI)၊ မြန်မာသီလဝါ အထူးစီး ပွားရေးဇုန် အများပိုင် ကုမ္ပဏီ (MTSH)၊ မြန်မာနိုင်ငံသားများဘဏ် (MCB) နှင့် ပထမပုဂ္ဂလိကဘဏ် (FPB) တို့က ရှယ်ယာများ အရောင်းအဝယ် လုပ်ဆောင်လျက်ရှိပြီး ရှယ်ယာအသစ် ရောင်းချမည့် TMH တယ်လီကွန်း အများပိုင်ကုမ္ပဏီ ၊ မြန်မာ့လယ်ယာ စီးပွားရေး အများပိုင် ကော်ပိုရေးရှင်း (MAPCO) နှင့် ဂရိတ်ဟော်ခမ်း အများပိုင် ကုမ္ပဏီတို့ကလည်း စတော့အိတ်ချိန်းသို့ ဝင်ရန် လုပ်ဆောင်လျက်ရှိသည်။
Credit: The Voice