အင်္ဂလန်ကျွန်းမကြီး၏ အနောက်တောင်ဘက် ပင်လယ်ပြင်အတွင်းရှိ စစ္စလီကျွန်းစု၏ မိုင် ၃၀ ခန့်အကွာတွင် ရှေးယခင်က လိုင်ယွန်နက်စ်အမည်ရှိ
မြို့တော်ကြီးရှိခဲ့ဖူးကြောင်း ယုံကြည်ကြသည်။
အဆိုပါမြို့တော်ကြီးတွင် အလွန်ကြံ့ခိုင်သန်စွမ်းကာ ယောက်ျားပီသချောမောသည့် မျိုးနွှယ်များနေထိုင်ခဲ့ကြပြီး မြေသြဇာအလွန်ကောင်းသည့် လွင်ပြင်များ၌ စိုက်ပျိုးအသက်မွေးခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါမြို့တော်ကြီးမှာ လိုင်ယွန်နက်စ်မြို့တော်ကြီးဖြစ်ပြီး တစ်ခုသောညတွင် သမုဒ္ဒရာရေလှိုင်းများ ဖုံးလွှမ်းကာ နစ်မြှုပ်ပျောက်ကွယ်သွားခဲ့သည်ဟု ဆိုကြသည်။
ဒဏ္ဍာရီစကားအချို့အရ ရှေးယခင်ကဆိုလျှင် လေငြိမ်သောနေ့များတွင် ပင်လယ်အတွင်းငါးဖမ်းကြသူများသည် အဝေးပင်လယ်ပြင်ဆီမှ ဘုရားကျောင်းခေါင်းလောင်းသံတို့၏ အသံများ တိုးဖွဖွကြားခဲ့ရလေ့ရှိသည်ဟု ဆိုသည်။
ဒဏ္ဍာရီတို့အရ လိုင်ယွန်နက်စ်မြို့ကြီး ပင်လယ်ရေအောက်ကျရောက်သည့်ညတွင် ထွက်ပြေးလွတ်မြောက်ခဲ့သူတစ်ဦးရှိကြောင်း၊ ထိုသူသည် သူ၏မြင်းဖြူကြီးကို အသော့နှင်ကာ ကြီးမားလှသည့် ရေလှိုင်းများရှေ့မှ ထွက်ပြေးခဲ့ကြောင်း၊ နောက်တစ်နေ့တွင် သစ်ပင်ကြီး တစ်ပင်အောက်၌ အိပ်မောကျသွားခဲ့သည်ဟု ဆိုသည်။
ယင်းနောက် ကြောက်မက်ဖွယ်အသံကြီးတစ်ခုကြောင့် အိပ်ယာနိုးလာခဲ့ပြီး အရှေ့ဘက်ရှိ ပိုမိုမြင့်မားသော ကုန်းမြေဘက်သို့ ဆက်လက်ထွက်ပြေးခဲ့ကြောင်း၊ ထိုသို့ထွက်ပြေးစဉ် သူ၏မြင်းမှာ ခွာတစ်ဖက်ကျွတ်ထွက်သွားခဲ့သည်ဟုဆိုသည်။
အဆိုပါထွက်ပြေးလွတ်မြောက်ခဲ့သူ၏ အမည်မှာ ထရီဗီလျံဟု ဆိုသည်။
အချို့ကဆိုသည်မှာ ယနေ့တည်ရှိနေသော စစ္စလီကျွန်းစုပေါင်း ၁၄၀ ခန့်သည် ယခင်က ပင်လယ်ရေအောက်သို့ နစ်မြှုပ်ပျောက်ကွယ် သွားကြသည့် မြို့တော်များမှ တောင်ကုန်းများ၏ ထိပ်ဖျားများဖြစ်သည်ဟုလည်း ဆိုကြသည်။
လိုင်ယွန်နက်စ်မြို့တော်ကြီးနှင့် စပ်လျဉ်း၍ အစောဆုံးရေးသားဖော်ပြခဲ့မှုမှာ အလယ်ခေတ်စာဆိုတစ်ဦးဖြစ်သော William of Worcester ၏ Itinerary စာအုပ်အတွင်းတွင် ဖြစ်သည်။
ယင်းစာရေးသူ၏ ရေးသားချက်အရ ပင်လယ်ရေအောက်သို့ မနစ်မြုပ်မီက ကျွန်း၏ အကျယ်အဝန်းမှာ ၆ မိုင်ခန့်ရှိပြီး သစ်တောများ၊ ကွင်းပြင်များ၊ ဘုရားကျောင်းပေါင်း ၁၄၀ ခန့်ရှိခဲ့ပြီး ယခုအခါတွင် အားလုံးပင်လယ်ရေအောက်သို့ ရောက်ရှိသွားခဲ့ပြီဖြစ်သည်ဟု ရေးသားဖော်ပြထားသည်။
လိုင်ယွန်နက်စ်မြို့ကြီးအကြောင်းကို စာအုပ်စာပေများစွာနှင့် ရုပ်ရှင်ဇာတ်ကားများစွာတွင် ထည့်သွင်းဖော်ပြခဲ့ကြသည်။
ပင်လယ်ရေအောက်သို့ ရောက်ရှိသွားသည်မျာ ၆ ရာစုနှစ်အတွင်းဖြစ်ပြီး အာသာဘုရင်ကြီး၏လက်ထက်တွင် ဖြစ်သည်ဟု ဆိုသည်။
အဆိုပါပင်လယ်ရေပြင်အောက်တွင် ရှေးဟောင်းမြို့တော်ကြီးကို ရှာဖွေတွေ့ရှိခဲ့ခြင်းမရှိသော်လည်း ဘူမိဗေဒပညာရှင်တို့၏ အဆိုအရ ယင်းဒေသသည် လွန်ခဲ့သော နှစ်ပေါင်း ၃၀၀၀ အတွင်း ကြီးမားသည့်ရေလွှမ်းမိုးမှုကြီးဖြစ်ပွားခဲ့ကြောင်း ပြောကြားကြသည်။
စစ္စလီကျွန်းစုအနီးဝန်းကျင် ပင်လယ်ပြင်တွင် ငါးဖမ်းကြသော ငါးဖမ်းသမားအချို့၏ ပြောကြားချက်အရ တစ်ခါတစ်ရံ၌ ၎င်းတို့၏ ငါးဖမ်းပိုက်များအတွင်း အဆောက်အအုံအပိုင်းအစများ ပါလာတတ်လေ့ရှိကြောင်း ပြောကြားကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)