ဟောင်ကောင်ရှိ အငှားအိမ်ရာများတွင် တစ်ဦးတည်းနေထိုင်ရလျက်ရှိသော ဝင်ငွေနည်းပါးသည့် သက်ကြီးရွယ်အိုများအား အိမ်အကူငှားရမ်းနိုင်ရန် အစိုးရက ထောက်ပံ့ပေးရန် စီစဉ်လျက်ရှိကြောင်း ဟောင်ကောင်အခြေစိုက် သတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်တွင် သက်ကြီးရွယ်အိုလူဦးရေမှာ လျင်မြန်စွာမြင့်တက်လာလျက်ရှိပြီး အစိုးရက ယခုစီမံကိန်းကို အထူးအလေးထား သုံးသပ်လျက်ရှိသည်။
အဆိုပါစီမံကိန်းကို ဟောင်ကောင် အလုပ်သမားနှင့် သာယာဝပြောရေးဆိုင်ရာ ဝန်ကြီး ဒေါက်တာ လောချီကွမ်က စတင်အကောင်အထည်ဖော်ခဲ့ခြင်း ဖြစ်သည်။
၂၀၅၀ ပြည့်နှစ်သို့ရောက်လျှင် ဟောင်ကောင်ပြည်သူ ၇ ဦးလျှင် တစ်ဦးမှာ အသက် ၈၀ နှင့်အထက် အရွယ်ရှိကြတော့မည် ဖြစ်သည်။
လာမည့်နှစ်ပေါင်း ၃၀ သို့ရောက်လျှင် ဟောင်ကောင်တွင် သက်ကြီးရွယ်အိုများကို စောင့်ရှောက်ရန်အတွက် အိမ်အကူလုပ်သား ၆၀၀၀၀၀ နီးပါး လိုအပ်လာမည်ဖြစ်ကြောင်း ဒေါက်တာလောက ဆိုသည်။
တရားဝင်အချက်အလက်များအရ လွန်ခဲ့သောနှစ်အတွင်း ဟောင်ကောင်တွင် တစ်ဦးတည်းနေထိုင်သည့် သက်ကြီးရွယ်အို ၉ ဒသမ ၇ ရာခိုင်နှုန်းမှာ အိမ်အကူငှားရမ်းခဲ့ကြသည်ဟု ဆိုသည်။
အဆိုပါပမာဏမှာ ၂၀၀၅ ခုနှစ်နှင့် နှိုင်းယှဉ်လျှင် များစွာမြင့်တက်လာခြင်းဖြစ်ပြီး ၂၀၀၅ အတွင်းက ၅ ဒသမ ၂ ရာခိုင်နှုန်းသာရှိခဲ့ပြီး ၁၉၉၅ ခုနှစ်ကမူ ၂ ဒသမ ၅ ရာခိုင်နှုန်းသာရှိခဲ့သည်။
“သက်ကြီးရွယ်အိုတွေကို စောင့်ရှောက်ရေးအတွက် ပြည်တွင်းအိမ်အကူတွေ ငှားနိုင်ဖို့ အမှန်တကယ်အကူအညီပေးလို့ ရတယ်ဆိုတဲ့ အကြံပြုချက်တွေ ရှိပါတယ်။ ဒီအကြောင်းကို ကျွန်တော်တို့ အလေးအနက်သုံးသပ်နေပါတယ်။ ဆုံးဖြတ်ချက်တော့ မချရသေးပါဘူး” ဟု ဒေါက်တာလောက ပြောကြားသည်။
သက်ကြီးရွယ်အိုများ အကြီးမားဆုံးရင်ဆိုင်ကြရလျက်ရှိသည့် ပြဿနာမှာ အလုပ်သမားများကို သင့်လျော်သည့် နေရာထိုင်ခင်း စီစဉ်ပေးရေး ဖြစ်သည်။
ဟောင်ကောင်တွင် အိမ်အကူငှားရမ်းမည့် အလုပ်ရှင်တို့အတွက် ဥပဒေက ချမှတ်ထားသည့် စည်းမျဉ်းတစ်ခုလည်း ဖြစ်သည်။
မိသားစုဝင်တို့က စောင့်ရှောက်မှုပေးနေကြရသည့် သက်ကြီးရွယ်အိုများအတွက်လည်း အထောက်အပံ့ပေးသင့်ကြောင်း Christian Family Service Centre မှ စီမံကိန်းဒါရိုက်တာ တုန်ချွိုင်ယင်က ပြောကြားသည်။
စင်္ကာပူနှင့် ထိုင်ဝမ်တို့တွင်လည်း သက်ကြီးရွယ်အိုများအတွက် အိမ်အကူများငှားရမ်းကြရသည့် မိသားစုများကို အစိုးရက ကူညီထောက်ပံ့မှုများ ပေးအပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)