တရုတ်အစိုးရပိုင် CCCI ကုမ္ပဏီသည် ကနေဒါနိုင်ငံ၏ အကြီးမားဆုံးဆောက်လုပ်ရေးကုမ္ပဏီကို ကနေဒါဒေါ်လာ ၁ ဒသမ ၅၁ ဘီလီယံ (ကန်ဒေါ်လာ ၁ ဒသမ ၁၈ ဘီလီယံ) ဖြင့် ဝယ်ယူလိုက်ကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
တရုတ်အစိုးရပိုင် “တရုတ် ဆက်သွယ်ရေး ဆောက်လုပ်ရေး ကုမ္ပဏီလိမိတက် ” (CCCI) က ကနေဒါနိုင်ငံ၊ တိုရွန်တိုအခြေစိုက် Aecon Group ကို ဝယ်ယူလိုက်ခြင်းဖြစ်ပြီး Aecon Group ၏ ယခုနှစ် သြဂုတ်လ ၂၄ ရက် ရှယ်ယာပေါက်ဈေးဖြင့် ဝယ်ယူခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ရှယ်ယာတစ်စုလျှင် ကန်ဒေါ်လာ ၂၀ ဒသမ ၃၇ ဈေးနှုန်းဖြင့် အရောင်းအဝယ်ပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း Aecon ၏ ထုတ်ပြန်ချက်တွင် ဖော်ပြသည်။
Aecon Group ၏ ဒါရိုက်တာဘုတ်အဖွဲ့ကလည်း ရောင်းချမှုကို ကန့်ကွက်သူမရှိ သဘောတူခဲ့ကြသည်ဟု ဆိုသည်။
ရောင်းချရန်ညှိနှိုင်းမှုများကို ယခုနှစ် သြဂုတ်လကတည်းက စတင်ပြုလုပ်နေခဲ့ခြင်း ဖြစ်သည်။
လာမည့် မတ်လတွင် အပြီးသတ် အရောင်းအဝယ်လုပ်ရန် ရည်မှန်းထားပြီး ကနေဒါတွင် တရုတ်ပြည်၏ နဝမမြောက်အကြီးမားဆုံး အရောင်းအဝယ်တစ်ခု ဖြစ်လာမည်ဟု ဆိုသည်။
သို့ရာတွင် ယခုအရောင်းအဝယ်အတွက် နှစ်နိုင်ငံလုံးဘက်မှ လုပ်ထုံးလုပ်နည်းဆိုင်ရာ အတည်ပြုချက် ရယူရန်လိုအပ်သေးသည်။
တရုတ်နိုင်ငံတွင် နယ်စပ်ဖြတ်ကျော် ရင်းနှီးမြှုပ်နှံမှုများကို ကန့်သတ်တင်းကျပ်ထားခဲ့သော်လည်း တရုတ်ဖွဲ့စည်းပုံအခြေခံဥပဒေတွင် တရုတ်သမ္မတ ရှီကျင့်ဖျင်၏ ခါးပတ်နှင့်လမ်းမမူဝါဒကို ထည့်သွင်းလိုက်ပြီးနောက်ပိုင်း ယခုအရောင်းအဝယ်ပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။
Aecon သည် ၎င်း၏အမည်ကို ကနေဒါတွင် ဆက်လက်သုံးစွဲသွားမည်ဖြစ်သည်။
ယခုအရောင်းအဝယ်ပြုလုပ်ခဲ့သည့် ကုမ္ပဏီမှ ကနေဒါအခြေစိုက်ဝန်ထမ်းများနှင့် စီမံခန့်ခွဲရေးအဖွဲ့ကိုလည်း ဆက်လက်ခန့်အပ်ထားမည်သာဖြစ်ကြောင်း Aecon က ထုတ်ပြန်ထားသည်။
Aecon သည် ကနေဒါတွင် တတိယမြောက်အင်အားအကြီးဆုံး ဆောက်လုပ်ရေးကုမ္ပဏီဖြစ်ပြီး တိုရွန်တို၏ အထင်ကရဖြစ်သော CN Tower နှင့် ဗန်ကူးဗားရှိ ကောင်းကင်ရထားတို့ကို ဆောက်လုပ်ပေးခဲ့သည့် ကုမ္ပဏီလည်း ဖြစ်သည်။
ထို့အပြင် “ကနေဒါနိုင်ငံ၏ အကောင်းဆုံးအလုပ်ရှင်” (Best Employers in Canada) ကုမ္ပဏီများတွင် တစ်ခုအပါအဝင်အဖြစ် သတ်မှတ်ထားခြင်း ခံရသည့်ကုမ္ပဏီလည်း ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)