အီရတ်ခေါင်းဆောင်ကြီး ဆက်ဒမ်ဟူစိန်သည် အာဏာရရှိခဲ့သည့် ၂၄ နှစ်တာကာလအတွင်း နန်းတော်ကြီးပေါင်း များစွာဆောက်လုပ်ခဲ့သည်။
သတင်းရင်းမြစ်မျိုးစုံတို့၏ အချက်အလက်များမှာမူ ကွဲပြားလျက်ရှိနေပြီး ခန့်မှန်းခြေအားဖြင့် အီရတ်နိုင်ငံတစ်လွှားတွင် နန်းတော်ပေါင်း ၈၀ မှ ၁၀၀ ကြား ဆောက်လုပ်ခဲ့သည်ဟု ဆိုသည်။
နန်းတော်အများစုကို ၁၉၉၁ ခုနှစ်ပင်လယ်ကွေ့စစ်ပွဲအပြီးတွင် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်။အဆိုပါနန်းတော်များသည် ဆက်ဒမ်ဟူစိန်နှင့် သူ၏မိသားစုများနေထိုင်ရန်အတွက်သာမက ပါတီခေါင်းဆောင်များ၊ မိတ်ဆွေများနှင့် မရေမတွက်နိုင်သော ဇနီးများပါ နေထိုင်ခဲ့ကြသည်။
ကုလသမဂ္ဂမှ ထုတ်ပြန်သော အချက်အလက်များအရ ဆက်ဒမ်ဟူစိန်၏ ပင်မနန်းတော် ၈ ခုတွင် အဆောက်အအုံပေါင်း ၁၀၀၀ ကျော် ပါဝင်ပြီး ဇိမ်ခံစံအိမ်ကြီးများ၊ ဧည့်ဂေဟာများ၊ ရုံးခန်းအဆောက်အအုံများ၊ ဂိုဒေါင်များ များစွာပါဝင်ကာ စုစုပေါင်းအားဖြင့် စတုရန်း ၁၂ မိုင်ခန့် အကျယ်အဝန်းရှိသည်ဟု ဆိုသည်။
စံအိမ်များအားလုံးမှာ စကျင်ကျောက်များ၊ ရွှေတို့ဖြင့် လွှမ်းနေပြီး အာဏာအပြည့်ရှိသော ခေါင်းဆောင်တစ်ဦး၏ ပုံရိပ်ကို ထင်ဟပ်နေသည့်အပြင် နိုင်ငံသားများ၏လက်တွေ့ဘဝ၊ မျက်မှောက်ကမ္ဘာတို့နှင့် ကင်းကွာနေသော ခေါင်းဆောင်တစ်ဦး ပိုင်ဆိုင်ကြောင်း လှစ်ဟပြသနေသည်။
၂၀၀၃ ခုနှစ်တွင် ဘဂ္ဂဒက်မြို့ကြီး ကျဆုံးခဲ့ပြီးနောက် နန်းတော်အချို့မှာ အမေရိကန်စစ်ဘက်၏ လက်သို့ ကျရောက်ခဲ့ပြီး အခြားနန်းတော်များမှာမူ အီရတ်ပြည်သူတို့က သိမ်းပိုက်လိုက်ကြသည်။
သို့ရာတွင် ယခုအခါတွင်ကား နန်းတော်အားလုံးကို အီရတ်အစိုးရထံ ပြန်လည်လွှဲပြောင်း ပေးအပ်ခဲ့ပြီး ဖြစ်သည်။
နန်းတော်အချို့ကို ဆက်လက်ထိန်းသိမ်းထားမည်ဖြစ်ပြီး အချို့ကိုမူ ဆောက်လုပ်ရေးလုပ်ငန်းရှင်များထံရောင်းချမည်ဖြစ်ကာ အချို့ကို ဖျက်သိမ်းသွားရန် စီစဉ်ထားသည်။
ဘဂ္ဂဒက်နိုင်ငံတကာလေဆိပ်မှ ၅ ကီလိုမီတာခန့်ဝေးကွာသောနေရာတွင် အယ်လ်ဖောအမည်ရှိ နန်းတော်ကြီးတည်ရှိပြီး ၁၉၉၀ ပြည့်လွန်နှစ်များတွင် ဆက်ဒမ်ဟူစိန်က ဆောက်လုပ်ရန် အမိန့်ပေးခဲ့ခြင်းဖြစ်သည်။
အီရန်-အီရတ်စစ်ပွဲအတွင်း အယ်လ်ဖောကျွန်းဆွယ်ကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့သည့် အထိမ်းအမှတ်အဖြစ် ဆောက်လုပ်ခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
ဆက်ဒမ်ဟူစိန်ကို ခုံရုံးတင်စစ်ဆေးခဲ့ပြီးနောက် သေဒဏ်ချမှတ်ခဲ့ကာ ၂၀၀၆ ခုနှစ်၊ ဒီဇင်ဘာ ၃၀ ရက်တွင် ဘဂ္ဂဒက် အရှေ့မြောက်ပိုင်းရှိ အီရတ်စစ်အခြေစိုက်စခန်း၌ ကြိုးပေးကွပ်မျက်ခဲ့သည်။
(ဆက်ဒမ်ဟူစိန်ကမူ သေနတ်ပစ်တပ်ဖွဲ့ဖြင့် ကွပ်မျက်စေလိုခဲ့သည်ဟု ဆိုသည်)
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)