ပြည်တွင်း၊ ပြည်ပရင်းနှီးမြှုပ်နှံသူများသည် ရင်းနှီးမြှုပ်နှံမှုဥပဒေနှင့် ကုမ္ပဏီများဥပဒေကို စောင့်ကြည့် လေ့လာသုံးသပ်ပြီးမှ ရင်းနှီးမြှုပ်နှံမှုများအား ဆုံးဖြတ်လုပ်ကိုင်ကြမည်ဖြစ်ခြင်းကြောင့် ယင်းဥပဒေနှစ်ခုကို အစိုးရသက်တမ်းအတွင်း ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိကြောင်း ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေက ပြောကြားသည်။
ရန်ကုန်မြို့၊ ကုန်သည်စက်မှု အသင်းချုပ်၌ အောက်တိုဘာ ၂၇ ရက်ကကျင်းပသည့် ဒုတိယသမ္မတ (၁)ဦးမြင့်ဆွေ ဦးဆောင်သည့် မြန်မာ့ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီနှင့် မြန်မာ့စီးပွားရေး လုပ်ငန်းရှင်များ၏ (၁၁)ကြိမ်မြောက် ပုံမှန်တွေ့ဆုံဆွေးနွေးပွဲတွင် ပြော ကြားခဲ့ခြင်းဖြစ်သည်။ ဒုတိယသမ္မတ(၁)ဦးမြင့်ဆွေက ''ပြည်တွင်းပြည်ပရင်းနှီးမြှုပ်နှံမှုပြုလုပ်မယ့်လူတိုင်းက ရင်းနှီးမြှုပ်နှံမှုဥပဒေနဲ့ ကုမ္ပဏီများဥပဒေတွေကို စောင့်ကြည့်လေ့လာသုံးသပ်ပြီးမှ သူတို့ရင်းနှီးမြှုပ်နှံမှုတွေကိုဆုံး ဖြတ်လုပ်ကိုင်ကြမှာဖြစ်လို့ ဒီလိုအရေးကြီးတဲ့ဥပဒေနှစ်ခုကို အစိုးရတာဝန်ယူတဲ့သက်တမ်းကာလနှစ်နှစ်အတွင်းမှာပြဋ္ဌာန်းနိုင်အောင် ကြိုးပမ်းဆောင်ရွက်နေကြတာ ဖြစ်ပါတယ်။ နိုင်ငံတော်အစိုးရအနေနဲ့ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကိုအထောက်အကူပြုစေမယ့် အဓိကကျတဲ့ဥပဒေနှစ်ခုပြဋ္ဌာန်းနိုင်ဖို့ဆောင်ရွက်ရာမှာ ပထမဥပ ဒေဖြစ်တဲ့ မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုဥပဒေကို ပြဋ္ဌာန်းနိုင်ခဲ့သလို နည်းဥပဒေနဲ့ အမိန့်ကြော်ငြာစာ တွေကို ထုတ်ပြန်နိုင်ခဲ့လို့ အခုဆိုရင် လက်တွေ့အသုံးချအကောင် အထည်ဖော်နိုင်ပြီဖြစ်ပါတယ်''ဟု ပြောကြားသည်။ မြန်မာနိုင်ငံကုမ္ပဏီများဥပဒေကိုလည်း နိုင်ငံ၏ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများအား အထောက်အကူပြုစေရန်အတွက် ယခုနှစ်အတွင်းပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်းဆောင်ရွက်လျက်ရှိပြီး ယင်းဥပဒေကို လက်ရှိတွင် ပြည်သူ့လွှတ်တော် ဥပဒေ ကြမ်းကော်မတီ၌ ဆွေးနွေးနေပြီ ဖြစ်ကြောင်း သိရသည်။
ဒုတိယသမ္မတ(၁)ဦးမြင့် ဆွေက ''အခုဆိုရင်တိုင်းဒေသကြီး၊ ပြည်နယ်အစိုးရများအနေနဲ့ ရင်းနှီးမြှုပ်နှံမှု အတည်ပြုအမိန့်တွေကို ဥပဒေအရလုပ်ပိုင်ခွင့်ရှိတဲ့ ဘောင်အတွင်းက စိစစ်ခွင့်ပြုပေးနေပြီ ဖြစ်ပါတယ်။ တည်ငြိမ်အေးချမ်းမှု မရှိတဲ့ဒေသတွေက ပြည်သူတွေအတွက် အလုပ်အကိုင်အခွင့် အလမ်း တွေကိုဖန်တီးပေးပြီး ပုံမှန်ဝင်ငွေ ရရှိအောင်ဆောင်ရွက်ဖို့ လိုအပ်တဲ့ရင်းနှီးမြှုပ်နှံမှုနဲ့ ကုန်သွယ်မှုဆိုင်ရာအစီအမံတွေကိုလည်း နိုင်ငံ တော်ကဦးဆောင်ပြီး လုပ်ဆောင် နေတာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့စီးပွားရေးဟာ ပုဂ္ဂလိကပါဝင်မှု အခန်းကဏ္ဍဟာ မြင့်မားလျက်ရှိတဲ့အတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးဟာ အလွန်အရေးကြီး နေတာဖြစ်ပါတယ်။ ကုန်သွယ်မှုကဏ္ဍမှာလည်း ပုဂ္ဂလိကပါဝင်မှုဟာတိုးတက်လျက်ရှိပြီး ၂ဝ၁၇ ခုနှစ် စက်တင်ဘာ ၃ဝ ရက်အထိ ပို့ကုန်ဟာ ၆၅ ရာခိုင်နှုန်းသွင်းကုန် မှာ ၉၄ ရာခိုင်နှုန်း စုစုပေါင်း ကုန်သွယ်မှုမှာ ပုဂ္ဂလိကကဏ္ဍအနေနဲ့ ၈၃ ရာခိုင်နှုန်းအထိ ဆောင်ရွက်နိုင်ခဲ့ကြောင်းတွေ့ရှိရပါတယ်''ဟု ပြောကြားသည်။
Credit: Yangon Media Group