မိုနာကိုနိုင်ငံသည် ပြင်သစ်နိုင်ငံ၏ ပိုင်နက်နယ်မြေအတွင်း ကွင်းဝိုက်တည်ရှိပြီး ပြင်သစ်အရှေ့တောင်ဘက် ကမ်းရိုးတန်းတွင် တည်ရှိသော
နိုင်ငံငယ်ကလေးဖြစ်သည်။
နိုင်ငံ၏ ဧရိယာအကျယ်အဝန်းမှာ ၂ ဒသမ ၀၂ စတုရန်းကီလိုမီတာသာရှိပြီး စတုရန်း ၁ မိုင်ပတ်လည်ပင် မရှိချေ။ရန်ကုန်မြို့မှ ဗိုလ်တစ်ထောင်မြို့နယ်၏ အကျယ်အဝန်းနီးပါးသာ ရှိသည်။ဗိုလ်တစ်ထောင်မြို့နယ်၏ အကျယ်အဝန်းမှာ
၂ ဒသမ ၄ စတုရန်းကီလိုမီတာ ဖြစ်သည်။
မိုနာကို နိုင်ငံငယ်ကလေး၏ လူနေခန်းဈေးနှုန်းမှာမူ ကမ္ဘာပေါ်တွင် အမြင့်မားဆုံးဖြစ်နေပြီး လန်ဒန်နှင့် နယူးယောက်မြို့ကြီးများထက်ပင် မြင့်မားလျက်ရှိကာ စတုရန်းတစ်မီတာလျှင် ကန်ဒေါ်လာ ၄၈၀၀၀ (မြန်မာငွေ သိန်း ၆၀၀ ကျော်) ပေါက်ဈေးရှိနေသည်။
New World Wealth မှ ထုတ်ပြန်သော အစီရင်ခံစာတစ်ရပ်အရ ၂၀၁၇ ခုနှစ်၊ တတိယ ၃ လပတ်ကာလအတွင်း မိုနာကိုသည် ကမ္ဘာပေါ်တွင် လူနေခန်းဈေးနှုန်းအမြင့်ဆုံးနိုင်ငံအဖြစ် သတ်မှတ်ခံရခြင်းလည်း ဖြစ်သည်။
၂၀၁၇ ခုနှစ်၊ တတိယ ၃ လပတ်ကာလ တစ်ပေပတ်လည်ပေါက်ဈေးမှ ယခင်နှစ်အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ကန်ဒေါ်လာ ၁၀၀၀ ခန့် မြင့်တက်လာခဲ့ပြီး ယခင်နှစ်အတွင်းကလည်း ကမ္ဘာပေါ်တွင် အိမ်ခြံမြေဈေးနှုန်းအကြီးမားဆုံး နေရာ ၃၀ စာရင်းတွင် မိုနာကိုမှာ ထိပ်တန်းမှ ရပ်တည်ခဲ့သည်။
အစီရင်ခံစာထုတ်ပြန်သည့် New World Wealth သည် တောင်အာဖရိကနိုင်ငံ၊ ဂျိုအန်နက်စ်ဘတ်တွင် အခြေစိုက်ပြီး ကမ္ဘာလုံးဆိုင်ရာ ဈေးကွက်သုတေသနများ ပြုလုပ်သည့်အုပ်စုဖြစ်သည်။
အစီရင်ခံစာတွင် ဖော်ပြချက်အရ နယူးယောက်၊ ဆစ်ဒနီ၊ ပေကျင်းနှင့် ရှန်ဟိုင်းမြို့များတွင်လည်း လွန်ခဲ့သည့် ၁၂ လတာကာလအတွင်း အိမ်ခြံမြေဈေးနှုန်းများ သိသိသာသာမြင့်တက်ခဲ့ပြီး လန်ဒန်၊ ပဲရစ်နှင့် ရောမမြို့များတွင်မူ ဈေးနှုန်းများကျဆင်းခဲ့သည်ဟု ဆိုသည်။
လန်ဒန်၏ အိမ်ခြံမြေဈေးကွက်မှာမူ ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု အကျိုးဆက်အဖြစ် မရေရာမှုများနှင့် ရင်ဆိုင်ရလျက်ရှိပြီး အိမ်ခြံမြေဈေး ၁ ဒသမ ၂ ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု ဆိုသည်။
ချမ်းသာကြွယ်ဝသော အိမ်ခြံမြေဝယ်လက်တို့က အင်္ဂလန်တွင် အိမ်ခြံမြေ မဝယ်ယူမီတွင် ဥရောပသမဂ္ဂမှ ဗြိတိန်နှုတ်ထွက်မှု အကျိုးဆက်များ မည်သို့ရှိလာမည်ကို စောင့်ကြည့်နေကြသည်ဟု သုံးသပ်ကြသည်။
ပြီးခဲ့သော ၂၀၁၆ ခုနှစ်အတွင်း လန်ဒန်တွင် လူနေခန်းဈေးနှုန်းမှာ စတုရန်းတစ်မီတာလျှင် ကန်ဒေါ်လာ ၄၂၀၀၀ ဝန်းကျင်ရှိခဲ့ရာမှ ယခုနှစ်တတိယပတ်အတွင်း ကန်ဒေါ်လာ ၃၅၀၀၀ အထိ ကျဆင်းသွားခဲ့သည်။
နယူးယောက်တွင်မူ ၂၀၁၆ ခုနှစ်အတွင်း စတုရန်းတစ်မီတာလျှင် ကန်ဒေါ်လာ ၃၃၀၀၀ ဝန်းကျင်ဈေးပေါက်ခဲ့ရာမှ ယခုနှစ် တတိယပတ်တွင် ကန်ဒေါ်လာ ၃၇၀၀၀ အထိ မြင့်တက်သွားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)