မြန်မာနိုင်ငံတွင် ဂျပန်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှုများ များပြားလာသည်နှင့်အမျှ ဂျပန်လူမျိုးများအတွက် သီးသန့်စီစဉ်ပေးထားသည့် အိမ်ခန်းအငှားဝန်ဆောင်မှုများ ထွန်းကားကျယ်ပြန့် လာကြောင်း ဈေးကွက်အတွင်းမှ စုံစမ်းရရှိသည်။
ယင်းသို့ ဝန်ဆောင်မှုပေးသည့် အိမ်ခြံမြေ ဝန်ဆောင်မှုများအနက် တစ်ခုမှာ ရန်ကုန်တွင် ဖွင့်လှစ်အခြေစိုက်ပြီး စမ်းချောင်းမြို့နယ်အတွင်းရှိ Sakura Hill အဆင့်မြင့်အိမ်ရာတွင် ဂျပန်လူမျိုးသီးသန့် တိုက်ခန်းအငှားဝန်ဆောင်မှုကို ပြုလုပ်ပေးထားကြောင်း အဆိုပါလုပ်ငန်းမှ တာဝန်ရှိသူ ဦးမျိုးသီဟဇော်က ပြောသည်။
''တိုက်ခန်းတွေကို တစ်ပတ်ကစပြီး ငှားရမ်းနေထိုင်လိုသလောက် ငှားရမ်းနေထိုင်လို့ရအောင် စီစဉ်ပေးထားပါတယ်။ စတုရန်းပေ ၆ဝဝ ကျော်ရှိတဲ့ တစ်ယောက်အိပ်ခန်းတွေကစပြီးတော့ အခန်းကျယ်တွေအထိ ကြိုက်နှစ်သက်တဲ့ အကျယ်အဝန်းကို ငှားရမ်းနေထိုင်နိုင်ပါတယ်''ဟု ၄င်းက ပြောသည်။
အဆိုပါတိုက်ခန်းများတွင် ရေ၊ မီး၊ အင်တာနက် ဝန်ဆောင်မှုများအပြင် နေ့လယ်စာ၊ ညစာအပြင် တခြားအထူးဝန်ဆောင်မှုလည်း ထည့်သွင်းပေး ထားကြောင်း ၄င်းက ပြောသည်။
တိုက်ခန်းများကို တစ်လလျှင် အမေရိကန်ဒေါ်လာ ၉၅ဝ ဖြင့် စတင်ငှားရမ်းနိုင်ပြီး ဝန်ဆောင်မှုနှင့် အခန်းအကျယ်အဝန်းကိုလိုက်ကာ အငှားဈေးနှုန်းကွာခြားနိုင်ကြောင်း ဦးမျိုးသီဟဇော်က ပြောသည်။
လွန်ခဲ့သောငါးနှစ်က စတင်ခဲ့သော အဆိုပါ ဂျပန်လူမျိုးသီးသန့် အငှားအိမ်ရာဝန်ဆောင်မှုမှာ နောက်ပိုင်းတွင် ဈေးကွက်ပိုမိုကောင်းမွန်လာကာ ငှားရမ်းသူပိုမိုများပြားလာကြောင်းလည်း သိရသည်။
ရန်ကုန်သို့လာရောက်ပြီး လုပ်ငန်းများ လုပ်ကိုင်ရန် ခေတ္တခဏ လာရောက်ကြသည့် ဂျပန်လူမျိုးများသည် မည်၍မည်မျှ နေထိုင်ရမည်ကို မဆုံးဖြတ်နိုင်ကြသေးလျှင် အဆင်ပြေစေရန် ဝန်ဆောင်မှုပေးသည့် လုပ်ငန်းများ ရှိလာနေပြီဖြစ်ကြောင်း ဂျပန်လူမျိုးများအတွက်ထုတ်ဝေသည့် လမ်းညွှန်စာအုပ်များတွင်လည်း လေ့လာတွေ့ရှိရသည်။
''ဆာကူရာဟေးလ်အိမ်ရာမှာ တိုက်ခန်း ၁၅ ခန်းနဲ့ ဂျပန်လူမျိုးသီးသန့် အငှားအိမ်ရာဝန်ဆောင်မှုကို စတင်ခဲ့ပြီး ဆာကူရာအိမ်ရာဝင်းအတွင်းမှာလည်း ဂျပန်လူမျိုးသီးသန့်အဆောက်အအုံတွေ ရှိပါသေးတယ်။ ဆာကူရာအိမ်ရာနားတစ်ဝိုက်မှာ ဂျပန်စားသောက်ဆိုင်တွေလည်းရှိတော့ နေထိုင်သူတွေအတွက် စားရေးသောက်ရေးလည်း အဆင်ပြေပါတယ်''ဟု ဦးမျိုးသီဟဇော်က ပြောသည်။
Credit: Myanmar Times