ပျောက်ကွယ်သွားသော အတ္တလန္တိတ်မြို့တော်နှင့် စက္ကောမအတတ်အကြောင်း မြန်မာလူမျိုးများ ကြားဖူးနားဝရှိကြသည်။အတ္တလန္တိတ်မြို့တော်အကြောင်း ပထမဆုံးစတင်ရေးသားဖော်ပြခဲ့သူမှာ ဂရိအတွေးအခေါ်ပညာရှင် ပလေတိုဖြစ်ပြီး ဘီစီ-၃၆၀ ခန့်က ရေးသားခဲ့ခြင်း ဖြစ်သည်။
ထောင်စုနှစ် ၂ ခုကျော်ကာလအတွင်း စူးစမ်းလေ့လာရေးသမားများနှင့် သမိုင်းပညာရှင်တို့ကို အတ္တလန္တိတ်မြို့တော်၏ ဒဏ္ဍာရီများက ဖမ်းစားထားနိုင်ခဲ့သည်။
အတ္တလန္တိတ်မြို့တော်သည် ကျွန်းနိုင်ငံဖြစ်ပြီး အလွန်စွမ်းအင်ထက်မြက်ကာ အဆင့်မြင့်နည်းပညာများဖြင့် အတိပြီးနေပြီး ရေတပ်မှာလည်း ပြိုင်ဘက်ကင်းရေတပ်ဖြစ်သည်ဟု ဆိုကြသည်။
ပလေတို၏ ဖော်ပြချက်အရ ခရစ်တော်မပေါ်မီ နှစ်ပေါင်း ၉၆၀၀ ခန့်တွင် တစ်ခုသောည၌ ကြောက်မက်ဖွယ်မြေငလျင်ကြီးလှုပ်ခပ်ကာ မီးဘေးသင့်ပြီး ပင်လယ်ရေအောက်သို့ နစ်မြှုပ်ပျောက်ကွယ်သွားခဲ့သည်ဟု ဆို၏။
အတ္တလန္တိတ်မြို့တော်ကြီး နစ်မြှုပ်သွားသောနေရာကို ရှာဖွေနိုင်ရန်အတွက် မရေမတွက်နိုင်သော ကြိုးပမ်းမှုများ ပြုလုပ်ခဲ့ကြသော်လည်း ယနေ့တိုင် ယင်းမြို့တော်ကြီးတည်ရှိခဲ့သည်ဆိုသည်မှာ ယုံတမ်းစကားသဖွယ်ဖြစ်နေဆဲပင်။
မကြာသေးမီကမူ အဖြစ်နိုင်ဆုံး လေ့လာမှုတစ်ခု ပေါ်ပေါက်လာခဲ့သည်။
ကနေဒါသတင်းစာဆရာ၊ ရှေးဟောင်းသုတေသီ ဆင်မ်ချာ ဂျာကိုဘိုဗီစီသည် ကမ္ဘာကျော်ဒါရိုက်တာကြီး ဂျိမ်းစ်ကင်မရွန်နှင့် ပူးပေါင်းကာ အတ္တလန္တိတ်မြို့တော်ရှာဖွေရေးအတွက် အပူတပြင်း ကြိုးပမ်းလာခဲ့သည်။
ဂျာကိုဘိုဗီစီနှင့် ဂျိမ်းစ်ကင်မရွန်တို့သည် ပလေတို၏ ရေးသားချက်များမှ သဲလွန်စများကို အခြေခံကာ အဆင့်မြင့်နည်းပညာများဖြင့် ရှာဖွေမှုများ ပြုလုပ်ခဲ့သည်။
၎င်းတို့၏ ရှာဖွေမှုတွင် အဖြစ်နိုင်ဆုံး တွေ့ရှိမှုတစ်ခုရှိခဲ့ရာ ကြေးခေတ်က ကျောက်တုံးကိုအသုံးပြု ပြုလုပ်ထားသည့် ကျောက်ဆူး ၆ ခုကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။
တွေ့ရှိသည့်နေရာမှာ စပိန်ကမ်းလွန်ရှိ ဂျီဘရော်လ်တာ ရေလက်ကြားတွင် ဖြစ်သည်။
“ကျွန်တော်တို့ တွေ့ရှိတဲ့အချက်အရ လွန်ခဲ့တဲ့ နှစ်ပေါင်း ၄၀၀၀ လောက်တုန်းက ပစိဖိတ်ကမ်းရိုးတန်း၊ မြေထဲပင်လယ်ဒေသ အပြင်ဘက်အထိ ကုန်သွယ်ယဉ်ကျေးမှုရှိခဲ့တယ်ဆိုတာ သိနိုင်ပါတယ်” ဟု ဂျိမ်းစ်ကင်မရွန်က ပြောကြားသည်။
၎င်းတို့အဖွဲ့သည် မကြာမီကာလများအတွင်း အဆိုပါဒေသကို မြေပြင်အတွင်း ထွင်းဖောက်နိုင်သည့်ရေဒါအပါအဝင် အခြားအဆင့်မြင့် ပစ္စည်းကိရိယာများအကူအညီဖြင့် ဆက်လက်ရှာဖွေသွားရန်လည်း စီစဉ်ထားသည်။
အခြားယူဆချက်များအရ မြောက်အတ္တလန္တိတ်သမုဒ္ဒရာအတွင်း စတုရန်းမီတာပေါင်း ၅ သန်းကျော် ဖြန့်ကျက်တည်ရှိသည့် နာမည်ကျော် ဘာမြူဒါတြိဂံ ရေပြင်အောက်တွင် အတ္တလန္တိတ်မြို့တော်ကြီး တည်ရှိနေနိုင်သည်ဟု ခန့်မှန်းကြသည်။
ဘာမြူဒါတြိဂံနယ်မြေအတွင်း ဝင်ရောက်သွားမိကြသည့် သင်္ဘောနှင့် လေယာဉ်များ ဆန်းကြယ်စွာ ပျောက်ကွယ်သွားကြပုံများကို သိပ္ပံပညာက မဖြေရှင်းနိုင်သေးချေ။
၂၀၀၁ ခုနှစ်အတွင်းဘာမြူဒါတြိဂံရေပြင်အောက်တွင် တွေ့ရှိသည့် ရှေးဟောင်းမြို့ကြီးမှာ အတ္တလန္တိတ်မြို့တော်ဖြစ်နိုင်သည်ဟု အချို့က ယူဆကြသည်။
အချို့သုတေသီတို့ကမူ အတ္တလန္တိတ်မြို့တော်ကြီးသည် အန္တာတိကတိုက် ရေခဲပြင်အောက်တွင် ပျောက်ကွယ်သွားခြင်းဖြစ်သည်ဟု သုံးသပ်ကြသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)