ရန်ကုန်-ဒလ တံတားစီမံကိန်း တည်ဆောက်ရန် သေချာသလောက်ရှိသွားပြီဖြစ်သောကြောင့် ရန်ကုန်တစ်ဖက်ကမ်း မြို့နယ်များရှိ လယ်မြေများမှ တစ်ဧကလျှင် ကျပ်သိန်း ၂၀၀ကျော် အထိ မြင့်တက်လာကြောင်း စုံစမ်းသိရှိရသည်။
ဒလ၊ကော့မှူးနှင့် ကွမ်းခြံကုန်းမြို့နယ် လမ်းမနဘေးတွေရှိသော လယ်မြေများမှာ အဓိက ဈေးတက်လာခြင်းဖြစ်ပြီး အများစုမှာ လယ်ပိုင်ရှင်များ၏ လက်ထဲတွင်ပင် မရှိတော့ဘဲ စီးပွားရေး လုပ်ငန်းရှင်များထံ ရောင်းချထားကြောင်း ကော့မှူးမြို့မှ လယ်သမားဦးဌေးအောင်ကပြောသည်။“ တချို့က ရောင်းထားတာ ကြာပြီ တချို့ကလဲ အခုမှ ထုတ်ရောင်းကြတာ တော်တော်များလာတယ် ၀ယ်တဲ့သူတွေကလည်းဝယ်နေတုန်းပဲ ရန်ကုန်ကလူတွေ အများဆုံးဆင်းဝယ်နေကြတာ “ ဟု ၄င်းကဆိုသည်။
တံတားစီမံကိန်းကြောင့်ရန်ကုန်တစ်ဖက်ကမ်းဒလဘက်ခြမ်းမှစတင်ပြီးဧရာဝတီတိုင်းဒေသကြီးထွက်ပေါက်ဖြစ်လာမည်ဖြစ်သောကြောင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအားကောင်းလာနိုင်သောကြောင့် မြေဈေးမှာမြင့်တက်နေပြီး ဒလမြို့ပေါ်ရှိ လူနေရပ်ကွက်များတွင် ကျပ်သိန်းထောင်ချီအထိပေါက်ဈေးရှိနေပြီဖြစ်ကြောင်း ဒလမြို့နယ်မှာ အိမ်ခြံမြေ အကျိုးဆောင်တစ်ဦးကဆိုသည်။
ရန်ကုန်-ဒလတံတားစီမံကိန်းသည် လာမည့် ၂၀၁၈ တွင် ကိုရီးယားနိုင်ငံမှ ချေးငွေ အကူ အညီဖြင့် စတင်တည်ဆောက်မည်ဖြစ်သည်။
ရန်ကုန်ဘက်နှင့်ဒလဘက်ခြမ်းနှစ်ဖက်လုံးတွင် တံတားစီမံကိန်းနှင့် မလွတ်ကင်းသော အဆောက်အဦးများကို မြေယာလျော်ကြေးများပေးအပ်ထားပြီဖြစ်သည်။
ထို့ပြင် တံတားစီမံကိန်း တည်ဆောက်ရန်အတွက် မြေသားစမ်းသပ်ခြင်းလုပ်ငန်းများကို အောက်တိုဘာလ ပထမပတ်က အပြီးသတ်ဆောင်ရွက်ပြီးပြီဖြစ်သည်။
တံတားစီမံကိန်းအတွက် တင်ဒါခေါ်ယူခြင်းကို လာမည့် နိုဝင်ဘာတွင် စတင်မည်ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနက ကြေငြာထားသည်။
ပြီးခဲ့သည်စက်တင်ဘာလက ရန်ကုန်ဘက်ကမ်းရှိ ဆိပ်ကမ်းများမှ တံတားစီမံကိန်းဒီဇိုင်းကိုပြင်ဆင်ပေးရန် တောင်းဆိုခဲ့သော်လည်း ပြည်ထောင်စု အစိုးရအဖွဲ့အမိန့်ဖြင့် မူလဒီဇိုင်းအတိုင်းသာ တည်ဆောက်မည်ဖြစ်သည်။
နေးရှင်းမြန်မာ မှ iMyanmarHouse.com (အိုင်မြန်မာဟောက်စ်ဒေါ့ကွန်း) အတွက် အထူးရေးသားဖော်ပြသည်။
Credit: iMyanmarHouse.com