ရခိုင်ပြည်နယ် တွင် မုန်တိုင်းဒဏ်ခံ ခိုလှုံရာအ ဆောက်အအုံ ၃၀ ကျော်ကို လာ မည့် ၂၀၁၈ အတွင်း အပြီးတည်ဆောက်ပေးမည်ဟု လူမှုဝန်ထမ်း၊ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည် ထောင်စုဝန်ကြီး ဒေါက်တာဝင်း မြတ်အေးက အောက်တိုဘာ ၂၅ ရက်က ကျင်းပသော အမျိုးသား လွှတ်တော်အစည်းအဝေး၌ ပြော ကြားသည်။
ရခိုင်ပြည်နယ် အမျိုးသား လွှတ်တော်ကိုယ်စားလှယ် ဒေါ်ထုမေ၏ ခေတ်အဆက်ဆက် သဘာဝဘေးအန္တရာယ်များ ကျရောက်ခဲ့သော ရခိုင်ပြည်နယ်ရှိ လိုအပ် သော မြို့နယ်များတွင် ဘက်စုံ အသုံးပြုနိုင်သော မုန်တိုင်းဒဏ်ခံ ခိုလှုံရာ အဆောက်အအုံများ လာမည့်ဘဏ္ဍာနှစ်အတွင်း လုံလောက်စွာ တည်ဆောက်ပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြ မေးခွန်းနှင့် ပတ်သက်၍ ဒေါက်တာဝင်းမြတ်အေးက ပြန်လည်ရှင်းလင်းပြော ကြားသည်။
လာမည့် ၂၀၁၈ တွင် အမ်း၊ စစ်တွေ၊ ပေါက်တောဝ၊ ကျောက် ဖြူ၊ တောင်ကုတ်၊ ရမ်းဗြဲ၊ မာန် အောင်၊ မြောက်ဦးနှင့် မောင် တောမြို့နယ်တို့တွင် အမျိုးသား သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ မုန်တိုင်း ဒဏ်ခံ အဆောက်အအုံ ၂၈ လုံး တည်ဆောက်မည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့အပြင် ဘင်္ဂလားဒေ့ရှ် နိုင်ငံ၏ လှူဒါန်းငွေဖြင့် စစ်တွေ၊ ပေါက်တောဝ၊ ကျောက်ဖြူနှင့် ရမ်းဗြဲမြို့နယ်တို့တွင် မုန်တိုင်းဒဏ်ခံအဆောက်အအုံလေးလုံး
တည်ဆောက်မည်ဟု ၎င်းက ရှင်း ပြသည်။
အခြားလိုအပ်သည့် နေရာ များတွင်လည်း ဒေသခံများ၏ ဆန္ဒအရလည်းကောင်း၊ လွှတ်တော် ကိုယ်စားလှယ်များ၏ တောင်းဆိုချက်အရလည်းကောင်း မုန်တိုင်း ဒဏ်ခံ ခိုလှုံရာအဆောက်အအုံများထပ်မံဆောက်လုပ်ပေးနိုင် ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။
ထို့အပြင် သဘာဝဘေးစီမံ ခန့်ခွဲမှုလုပ်ငန်းများ ထိရောက် လျင်မြန်စွာ ဆောင်ရွက်နိုင်ရန် ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဦးစီးဌာနအနေဖြင့် မြန်မာတစ်နိုင်ငံလုံးတွင် ခရိုင်ရုံး နှင့် မြို့နယ်ရုံးများ တိုးချဲ့ဖွင့်လှစ် နိုင်ရေး ဆောင်ရွက်နေကြောင်း ပြည်ထောင်စုဝန်ကြီးက ပြော ကြားသည်။
စစ်ကိုင်းတိုင်းဒေသကြီး အမျိုးသားလွှတ်တော်ကိုယ်စား လှယ် ဦးကိုကိုနိုင်၏ သဘာဝဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး လုပ်ငန်းများ စနစ်တကျကြိုတင် ဆောင်ရွက်နိုင်ရန် နှစ်စဉ်နှစ်တိုင်း သဘာဝဘေးအန္တရာယ် ရင်ဆိုင်နေရသည့် မြို့နယ်များတွင် လူ ကယ်ပြန်မြို့နယ်အဆင့် ဦးစီးရုံး များ အမြန်ဆုံးဖွင့်လှစ်ပေးရန် အစီအစဉ် ရှိ၊ မရှိ ကြယ်ပွင့်ပြမေးခွန်း နှင့်ပတ်သက်၍ ပြည်ထောင်စုဝန်ကြီးက ရှင်းလင်းဖြေကြားသည်။
၂၀၁၇-၁၈ ကစ၍ ဘဏ္ဍာနှစ်ခြောက်နှစ်အတွင်း ကယ်ဆယ်ရေးနှင့်
ပြန်လည်နေရာချထားရေး ဦးစီးဌာနအနေဖြင့် ခရိုင်ရုံး ၇၄ ရုံး၊မြို့နယ် ရုံး ၃၃၀ အထိ တိုးချဲ့မည် ဟု ၎င်းကဆိုသည်။
‘‘သဘာဝဘေးအန္တရာယ်ကို ထိရောက်စွာ ရင်ဆိုင်တုံ့ပြန်နိုင် ရေး မြို့နယ်အဆင့်အထိ ဦးစီးရုံး များ အမြန်တိုးချဲ့ဖွင့်လှစ်နိုင်ရေး သည် အရေးကြီးသော လုပ်ငန်း တစ်ရပ်ဖြစ်ပါတယ်’’ဟု ပြည် ထောင်စုဝန်ကြီးက ပြောသည်။
ပြည်သူများအတွက် သဘာ ဝဘေးအန္တရာယ်ဆိုင်ရာ ကူညီ ထောင်ပံ့မှုလုပ်ငန်းများ ပိုမိုထိ ရောက်စွာ ဆောင်ရွက်နိုင်ရန် ယခုဘဏ္ဍာနှစ်တွင် တိုင်းနှင့်ပြည်နယ် များ၌ မြို့နယ်ရုံး ၅၅ ရုံး၊ ခရိုင်ရုံးခုနစ်ရုံးဖွင့်မည်ဟု ဆိုသည်။
Credit: 7Daydaily