အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရပ်၊ မြောက်ဘက်ကမ်းတွင် ၂၈ ဧကကျယ်ဝန်းသည့် ရေကန်၊ နေအိမ် ၆ လုံး ပါဝင်သည့် ၈၅ ဧက ကျယ်ဝန်းသော ကျွန်းတစ်ခုလုံးကို ရောင်းချရန် အရောင်းဈေးကွက်ဝင်လာသည်။
ရောင်းချမည့် ဧရိယာတွင် ၄၈ ဧက ကျယ်ဝန်းသည့် ကျွန်းတစ်ခုလုံး ပါဝင်ပြီး ကျွန်းပေါ်တွင် နေအိမ် ၆ လုံးပါဝင်သည်။
ကျွန်းနှင့် ကပ်လျက် ၁၀ ဧက အကျယ်ရှိသည့် ရေလက်ကြားနှင့် ရေအောက်သယံဇာတပစ္စည်းများ ပိုင်ဆိုင်ခွင့်လည်း ပါဝင်သည်ဟု ဆိုသည်။
ကျွန်းပေါ်တွင် ၂၈ ဧက ကျယ်ဝန်းသည့် ရေကန်ကြီးတစ်ခုပါဝင်ပြီး ပေ ၂၅၀ အလျားရှိသည့် ဆိပ်ခံတစ်ခုအပြင် ရဟတ်ယာဉ်ကွင်း ၂ ခုလည်း ပါဝင်သည်။
အရောင်းဈေးကွက်တင်သည်မှာ Sotheby’s International Realty မှ ဖြစ်သည်။
၁၇၂၁ ခုနှစ်တွင် ဂျော့ဘုရင့် I က လူတစ်ဦးကို ပေါင် ၂၀၀ ဖြင့် နေထိုင်ခွင့်ပြုခဲ့ခြင်းဖြစ်သည်ဟု ဆိုသည်။
၁၉၁၉ ခုနှစ်တွင်မူ J. P. Morgan ဘဏ်ကိုတည်ထောင်သူ၏ မြေးဖြစ်သူ ဂျူးနီယပ်စ် စပန်ဆာ မော်ဂန်က ဝယ်ယူခဲ့သည်။
J. P. Morgan ဘဏ်သည် ၁၉ ရာစုကုန်ပိုင်းနှင့် ၂၀ ရာစုအစောပိုင်းကာလများတွင် အမေရိကန်ဘဏ္ဍာရေးလောကကို စိုးမိုးနိုင်ခဲ့သည့်ဘဏ်ကြီးဖြစ်သည်။
“ဒီလောက်ကြီးမားကျယ်ဝန်းပြီး လှပတဲ့ကျွန်းတစ်ခုလုံးကို ပိုင်ဆိုင်မယ့်အခွင့်အရေးဆိုတာ တစ်သက်မှာ တစ်ခါသာ ကြုံရနိုင်တဲ့ အခွင့်အလမ်းပါ” ဟု Sotheby’s International Realty မှ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သူ ဘွန်နီ ဒီဗန်ဒေါ့ဖ်က ဆိုသည်။
ကျွန်းနှင့် နယူးယောက်ကုန်းမကြီးကို မြေလမ်းငယ်တစ်ခုဖြင့် ဆက်သွယ်ထားပြီး ကားဖြင့်သွားပါက နယူးယောက်သို့ တစ်နာရီခရီးသာရှိကြောင်းလည်း သူမက ဆက်လက်ပြောကြားသည်။
ပင်မနေအိမ်ကို ကျောက်တုံးများဖြင့် ဆောက်လုပ်ထားပြီး ကြမ်းခင်းဧရိယာ စတုရန်းပေ ၂၇၀၀၀ ခန့် ကျယ်ဝန်းကာ လောင်းအိုင်းလန်းနှင့် မန်ဟက်တန်တို့၏ အလှကို ကောင်းစွာတွေ့မြင်ရသည်။
နေအိမ်ပြင်ပ မြေယာအလှပြင်ဆင်မှုကို နာမည်ကျော်မြေယာဗိသုကာပညာရှင် ဖရက်ဒရစ် လော အွမ်စတက်ဒ်က ကြီးကြပ်မွမ်းမံပေးခဲ့ခြင်းဖြစ်သည်။
အွမ်စတက်ဒ်သည် Central Park ကို ဆောက်လုပ်ပေးခဲ့သည့် ပညာရှင်တစ်ဦးလည်း ဖြစ်သည်။ဂျူနီးယပ်စ် စပန်ဆာ မော်ဂန်တို့မိသားစုသည် အဆိုပါကျွန်းပေါ်တွင် ဆယ်စုနှစ်များစွာ နေထိုင်ခဲ့သည်။
၂၀ ရာစုအလယ်ပိုင်းခန့်တွင်ကား မော်ဂန်သည် မိတ်ဆွေများနှင့် ဆွေမျိုးသားချင်းများကို ကျွန်းပေါ်တွင် နေအိမ်များ ဆောက်လုပ်နေထိုင်ခွင့်ပေးခဲ့ပြီး တစ်ဦးလျှင် ၅ ဧက၊ ၆ ဧကခန့် မြေနေရာများ ပေးခဲ့သည်။
လက်ရှိပိုင်ရှင်မှာ မာဂိုဝေါကာအမည်ရှိ အိမ်ခြံမြေအကျိုးဆောင်တစ်ဦးဖြစ်သည်။
ဝေါကာက ကျွန်းပေါ်ရှိ နေအိမ်များကို တစ်အိမ်ချင်း ဝယ်ယူခဲ့ရာမှ နောင်အခါတွင် တစ်ကျွန်းလုံးပိုင်ဆိုင်သွားခြင်းဖြစ်သည်။
သူမ ပိုင်ဆိုင်ထားချိန်တွင် ပင်မနေအိမ်၌ Sabrina ရုပ်ရှင်လာရောက်ရိုက်ကူးခဲ့ဖူးသည်။
အဆိုပါရုပ်ရှင်တွင် ဟယ်ရီဆင်ဖို့ဒ်နှင့် ဂျူလီယာ အော်မွန်တို့ ပါဝင်သရုပ်ဆောင်ထားပြီး အချစ်ဟာသဇာတ်မြူးဖြစ်သည်။
ကျွန်းတစ်ခုလုံးကို ဈေးကွက်တင်ခြင်းဖြစ်ရာ နေအိမ်များကို တစ်လုံးချင်း ဝယ်ယူမရရှိနိုင်ချေ။
အဆိုပါကျွန်းအတွက် နှစ်စဉ်အကောက်ခွန်မှာ ကန်ဒေါ်လာ ၅၇၀၀၀၀ ခန့် ရှိသည်။
အမေရိကန်သမ္မတ ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရပြီးနောက် ဇနီးဖြစ်သူ ဂျက်ကလင်းကနေဒီသည် ကျွန်းပေါ်ရှိ နေအိမ်တစ်လုံးကို ငှားရမ်းကာ နွေရာသီတစ်ခုကို ဖြတ်သန်းနေထိုင်ခဲ့ဖူးသည်။
သူမ၏ ခဲအိုဖြစ်သူ ရောဘတ်ကနေဒီမှာလည်း ထိုကျွန်းပေါ်ရှိ နေအိမ်တစ်လုံးတွင်ပင် ငှားရမ်းနေထိုင်နေခဲ့သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)