အထက်မြန်မာပြည် ရှေးဟောင်းနယ်မြေဒေသငါးခုတွင် ဖွံ့ဖြိုး တိုးတက်ရေး အတွက် စီမံကိန်းများရေးဆွဲ၍ သက်ဆိုင်ရာ တိုင်းဒေသကြီး အစိုးရ အဖွဲ့များ ထံ တင်ပြထားပြီး လုပ်ငန်း ဆောင်ရွက်ရန် ညှိနှိုင်းဆွေးနွေးလျက် ရှိကြောင်း သိရသည်။
အဆိုပါ ရှေးဟောင်းနယ်မြေငါးခုဖြစ်သော မန္တလေး၊ အင်းဝ၊ အမရပူရ၊ စစ်ကိုင်းနှင့် မင်းကွန်းတို့ရှိ ရှေးဟောင်းအဆောက်အအုံများ ပြုပြင် ထိန်းသိမ်းရေးနှင့် ဆက်စပ်ဧရိယာ များ သန့်ရှင်းသာယာ လှပစေရေး တို့အတွက် စီမံကိန်းလုပ်ငန်း ၉ဝ ကျော် ရေးဆွဲတင်ပြထားရာ ယခုနှစ်အတွင်း ဦးစားပေးလုပ်ငန်းအဖြစ် ဆောင်ရွက်ရန် စီစဉ်ထားကြောင်း မန္တလေး တိုင်းဒေသကြီး ဟိုတယ်နှင့်ခရီးသွားလာရေးညွှန်ကြားမှုဦးစီး ဌာနမှ သိရသည်။
''နိုင်ငံတကာ ခရီးသွားတွေအတွက် ဆွဲဆောင်မှုရှိစေဖို့နဲ့ မြန်မာ့ ခရီးသွား လုပ်ငန်းတိုးတက်စေဖို့ရည်ရွယ်ပြီး ဒီစီမံကိန်း တွေကို ပြည်ထောင်စု အဆင့်ကနေ နိုင်ငံတကာကျွမ်းကျင် ပညာရှင်တွေနဲ့ ညှိနှိုင်းရေးဆွဲခဲ့ တာဖြစ်ပါတယ်။ ကျွန်တော်တို့ နိုင်ငံမှာခရီးစဉ်အသစ်တွေ ဖော်ထုတ်စရာ မလိုလောက်အောင် ရှေးဟောင်းနယ်မြေတွေ အများကြီးရှိတယ်။ ဒါတွေကို ပြုပြင်ထိန်းသိမ်းပြီး အသုံးချဖို့ပဲလိုတယ်''ဟု အဆိုပါဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးစန်းယုက ပြောသည်။
''နိုင်ငံတကာမှာရှိတဲ့ ရှေးဟောင်းမြို့တော်တွေမှာ စက်ဘီးနဲ့ သွားလာ လည်ပတ်လို့ရသလို ကျွန်တော်တို့ မန္တလေး မှာလည်း အခုဆို မြို့တော် စည်ပင်က သိပ္ပံလမ်းတစ်ဖက်မှာ စက်ဘီးလမ်းတွေစပြီး လုပ်နေပါပြီ။ အဲဒီလိုပဲ မန္တလေးတောင်မှာ Sunset ကြည့်တဲ့လူတွေ များတဲ့အတွက် ပုဂံလိုSunset ဧရိယာတွေ လုပ်ပေးဖို့ ညှိနှိုင်းနေပါတယ်''ဟု ၄င်းက ဆက်လက် ပြောသည်။
ထို့အပြင် အဆိုပါစီမံကိန်းများတွင်ပါဝင်သည့် မန္တလေး မြို့ရှိ ရှေးဟောင်း နယ်မြေများဖြစ်သော ကုသိုလ်တော်တွင် အများသုံးသန့်စင်ခန်းများ ဆောက် လုပ် ရန် ရှေးဟောင်း သုတေသနနှင့် ညှိနှိုင်းလျက်ရှိပြီး မင်းကွန်း တွင် နိုင်ငံ တကာ ခရီသွားဧည့်သည်များအတွက် ဆိပ်ခံတံတားနှင့် မန္တလေး မရမ်းခြံ ဆိပ်ကမ်းတွင် က္ဘာလှည့်ခရီးသွားဆိပ်ကမ်းတစ်ခု တည်ဆောက်ရန် စသည့် လုပ်ငန်းများ ပါဝင်မည်ဖြစ်ကြောင်း အဆိုပါဌာနမှ သိရသည်။
Credit: MOI Webportal Myanmar