ဆယ်စုနှစ်တစ်ခုနီးပါး ရပ်ဆိုင်ထားသည့် ရတနာပုံမြို့သစ်စီမံကိန်းကို
ယခုလကုန်ပိုင်းတွင် ပြန်လည် ဖော်ဆောင်နိုင်ရန် ပြင်ဆင်နေကြောင်း
မန္တလေးတိုင်း အစိုးရအဖွဲ့ထံမှ သိရသည်။
အဆိုပါ စီမံကိန်းကို ပြည်ထောင်စု အစိုးရအဖွဲ့က ဆက်လက် အကောင်အထည် ဖော်ဆောင်မည်ဖြစ်ရာ အကောင်အထည် ဖော်မည့်လုပ်ငန်းစဉ်များကို အောက်တိုဘာ လကုန်တွင်ပြုလုပ်မည့် ပြည်ထောင်စုအဆင့် ဝန်ကြီးများနှင့် မန္တလေးတိုင်းအစိုးရအဖွဲ့အစည်းအဝေးတွင် ဆုံးဖြတ်မည်ဖြစ်ကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောကြားသည်။
“ဒီလကုန်မှာ အစည်းအဝေး တစ်ခုလုပ်ဖို့ ရှိပါတယ်။ အဲဒီအစည်းအဝေးမှ ဘယ်လို ဆက်လုပ်မယ်ဆိုတာ သိနိုင်မယ်။ စီမံကိန်းကတော့ သေချာပေါက်လုပ်မှာဖြစ်ပါတယ်။ ရှိနေတဲ့ ကျူးကျော်တွေနဲ့ပတ်သက်ပြီး ဘာဆက်လုပ်မယ်ဆိုတာ ဆုံးဖြတ်ဖို့ရှိပါတယ်”ဟု ၎င်းကရှင်းပြသည်။
စီမံကိန်း ရပ်ဆိုင်းထားသဖြင့် လက်ရှိတွင် ကျူးကျော်ဝင်ရောက် နေထိုင်မှုများရှိနေရာ ကနဦး အနေနှင့် ကျူးကျော်နေထိုင်သူများကို ဥပဒေအရ ဖယ်ရှားရမည်ဖြစ်ကြောင်း၊ အိမ်ရာစီမံကိန်းများ၊ စက်ရုံအလုပ်ရုံများ၊ သီးနှံစိုက်ပျိုးသည့် ဧရိယာများကို မူလရှိထားပြီးသား ပရောဂျက် အကြမ်းအတိုင်း အကောင်အထည် ဖော်နိုင်သည့်အပိုင်းများကို ပြည်ထောင်စု အစိုးရက ဆုံးဖြတ်ပေးမည်ဖြစ်ကြောင်း ဦးမြတ်သူက ဆက်လက်ပြောဆိုသည်။
ပြင်ဦးလွင်မြို့အနီးတွင်ရှိပြီး အကျယ်အဝန်း ဧကတစ်သောင်းကျော်ရှိမည့် ယင်းစီမံကိန်းအရ လူနေအိမ်များအတွက် သတ်မှတ်အကွက်များ၊ စက်ရုံ အလုပ်ရုံများအတွက် သတ်မှတ်ထားသည့်နေရာများ ဖယ်လိုက်ပါက မြေလွတ်ဧက ၆၀ဝ၀ မှ ၄၀ဝ၀ ကြား ကျန်ရှိနေကြောင်း၊ လတ်တလောတွင် မှန်ဘီလူး စက်ရုံ၊ တယ်လီဖုန်း သင်တန်းကျောင်းတို့သာ လုပ်ငန်းလည်ပတ်နေကြောင်း မန္တလေးတိုင်းအစိုးရအဖွဲ့ထံမှ သိရသည်။
Credit: The Voice