အမေရိကန်ပြည်ထောင်စု၊ နယူးယောက်မြို့ အခြေစိုက် ဒေသတွင်းစီမံကိန်းအသင်း (RPA ) ၏ ဟောကိန်းတစ်ရပ်အရ ၂၀၃၀ ပြည့်နှစ်သို့ ရောက်လျှင် အမေရိကန်ကမ်းရိုးတန်းဒေသများရှိ နေအိမ်ပေါင်း ၁၀၀၀၀ ခန့် ပင်လယ်ရေအောက်သို့ ရောက်ရှိသွား တော့မည်ဟု ဆိုသည်။
RPA အသင်းသည် အကျိုးအမြတ်အတွက် ရည်ရွယ်ခြင်းမဟုတ်သည့်အသင်းဖြစ်ပြီး ၁၉၂၂ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည်။
အသင်း၏ ရည်ရွယ်ချက်မှာ နယူးယောက်၊ နယူးဂျာစီနှင့် ကွန်နက်တီကပ်ပြည်နယ်များရှိ ခရိုင် ၃၁ ခု၏ လူနေမှုဘဝနှင့် စီးပွားရေး ယှဉ်ပြိုင်နိုင်စွမ်း အခြေအနေများ တိုးတက်ကောင်းမွန်လာစေရန် ရည်ရွယ်သည်။
နယူးယောက်မြို့တွင် ရုံးချုပ်အခြေစိုက်ထားပြီး နယူးဂျာစီပြည်နယ်၊ ပရင်စတန်မြို့နှင့် ကွန်နက်တီကပ်ပြည်နယ်၊ စတန်းဖို့ဒ်မြို့များတွင်လည်း ရုံးများရှိသည်။
RPA သည် မကြာသေးမီလပိုင်းက အစီရင်ခံစာတစ်ရပ် ထုတ်ပြန်ခဲ့ရာ “Coastal Adaptation: A Framework for Governance and Funding to Address Climate Change” ဟု အမည်ပေးထားသည်။
အဆိုပါအစီရင်ခံစာတွင် ပင်လယ်ရေမျက်နှာပြင် မြင့်တက်လာမှုကို သတိပေးထားပြီး နယူးယောက်၊ နယူးဂျာစီနှင့် ကွန်နက်တီကပ် ပြည်နယ်များ၏ သဘာဝဘေးအန္တရာယ်ဒဏ် အလွယ်တကူခံရနိုင်သည့် နေရာများကို အကာအကွယ်ပေးရမည့် မဟာဗျူဟာတစ်ခု ကိုလည်း ချပြထားသည်။
အစီရင်ခံစာအရ ဒေသတွင်းရှိ ပင်မလေဆိပ် ၄ ခု၊ အများပြည်သူလူနေအဆောက်အအုံများ၏ ၂၁ ရာခိုင်နှုန်းနှင့် ဆေးရုံများ၏ ၁၂ ရာခိုင်နှုန်းခန့်မှာ လာမည့် နှစ်ပေါင်း ၃၀ ကြာလျှင် ပင်လယ်ရေအောက်သို့ ရောက်ရှိတော့မည့် အန္တရာယ်နှင့် ကြုံတွေ့ရလျက်ရှိသည်ဟု ဆိုသည်။
ပင်လယ်ရေမျက်နှာပြင်မှာ ၂ ပေခန့် မြင့်တက်လာမည်ဟု ခန့်မှန်းထားပြီး လာမည့်ရာစုနှစ်တွင် ၆ ပေခန့်အထိ မြင့်တက်လာတော့မည်ဟု ဆိုသည်။
လာမည့်နှစ် ၃၀ တွင် မုန်တိုင်းနှင့် ရေလွှမ်းမိုးမှုဘေးမှ ကြုံတွေ့ရမည့် ဒေသများတွင် လူဦးရေပမာဏမှာလည်း နှစ်ဆခန့် မြင့်မားလာမည်ဖြစ်ပြီး ၁ သန်းမှ ၂ သန်းသို့ ရောက်ရှိဖွယ်ရှိသည်။
ကမ်းရိုးတန်း မိုင်ပေါင်း ၃၇၀၀ အတွင်း နေထိုင်သူတို့သည် ပင်လယ်ရေထိန်းနံရံများ ဆောက်လုပ်ခြင်း၊ အဆောက်အအုံမြင့်မား ဆောက်လုပ်ခြင်း၊ လိုအပ်သည့်အခြေခံအဆောက်အအုံများ ထပ်မံဆောက်လုပ်ခြင်းများ ပြုလုပ်သင့်ကြောင်း အကြံပြုထားသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)