ဟောင်ကောင်၏ အချမ်းသာဆုံးပုဂ္ဂိုလ် လီကာရှင်းသည် သူ၏ပိုင်ဆိုင်မှုများတွင် တန်ဖိုးအကြီးဆုံးဖြစ်သည့် The Center မိုးမျှော်တိုက်ကြီးကို ပြည်မကြီးအိမ်ခြံမြေလုပ်ငန်းရှင်များထံ
ရောင်းချရန် စီစဉ်လျက်ရှိကြောင်း ရှန်ဟိုင်းအခြေစိုက် အိမ်ခြံမြေသတင်းဝက်ဘ်ဆိုက်တစ်ခုတွင် ဖော်ပြသည်။
ဟောင်ကောင်ဒေါ်လာ ၄၀ ဒသမ ၂ ဘီလီယံ (ကန်ဒေါ်လာ ၅ ဒသမ ၁၅ ဘီလီယံ) ဖြင့် ရောင်းချရန် စီစဉ်နေခြင်းဖြစ်ပြီး လီကာရှင်း၏ CK Asset Holdings (ယခင်အမည်မှာ Cheung Kong Property Holdings ဖြစ်) ၏ ပိုင်ဆိုင်သည့် အဆောက်အအုံများအနက် အမြင့်မားဆုံး အဆောက်အအုံဖြစ်သည့်အပြင် ဟောင်ကောင်တွင် ပဉ္စမမြောက် အမြင့်မားဆုံးလည်း ဖြစ်သည်။
ယင်းအရောင်းအဝယ်သတင်းကို ဟောင်ကောင် အခြေစိုက် Hong Kong Economic Times ဝက်ဘ်ဆိုက်တွင် အောက်ပါအတိုင်း ဖော်ပြထားသည်ကိုလည်း တွေ့ရသည်။
(長實集團(01113)出售位於皇后大道中99號的中環中心75%權益醞釀多時,去年幾近成事,惟消息人士透露,長實堅持以不低於400億元作價才肯割愛,經過一年時間,最近終以約402億元拍板賣出,較一年前增加45億元(12.6%),買方是以內地石油系統機構為首的財團。若交易落實,將成為本港歷來最高單價商廈)
Hong Kong Economic Times ၏ ရေးသားဖော်ပြမှုအရ ဝယ်လက်မှာ ပြည်မကြီးရှိ ရေနံကုမ္ပဏီတစ်ခုဦးဆောင်သည့် လုပ်ငန်းစုမှဖြစ်သည်ဟု ဆိုသည်။
ဝယ်လက်အုပ်စုတွင် ဟောင်ကောင်အခြေစိုက် အိမ်ခြံမြေလုပ်ငန်းရှင် တစ်ဦးမှ နှစ်ဦးအထိ ပါဝင်ခဲ့သည်ဟု ဆိုသည်။
ယခုအရောင်းအဝယ်ကို မကြာမီတွင် တရားဝင်ထုတ်ပြန်ကြေညာသွားဖွယ်ရှိပြီး အဆောက်အအုံ၏ အမည်ကိုလည်း ပြောင်းလဲဖွယ်ရာ ရှိသည်။
မိုးမျှော်တိုက်ကြီးတွင် အထပ်ပေါင်း ၇၃ ထပ်ပါဝင်ပြီး ကြမ်းခင်းဧရိယာ စတုရန်းမီတာ ၁၃၀၀၃၂ ခန့် ကျယ်ဝန်းသည်။
အကယ်၍ အရောင်းအဝယ်အပြီးသတ်ပြုလုပ်နိုင်ခဲ့မည်ဆိုပါက ဟောင်ကောင်တွင် တန်ဖိုးအကြီးမားဆုံး ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံ အရောင်းအဝယ်တစ်ခု ဖြစ်လာမည်ဖြစ်ပြီး ယခင်က Evergrande Real Estate အိမ်ခြံမြေကုမ္ပဏီ၏ Mass Mutual Tower ဝယ်ယူမှု (ဟောင်ကောင်ဒေါ်လာ ၂၃ ဒသမ ၃ ဘီလီယံ) ကို ဖြတ်ကျော်သွားမည် ဖြစ်သည်။
လီကာရှင်း၏ The Center မိုးမျှော်တိုက်ကြီးကို ၁၉၉၈ ခုနှစ်တွင် ဆောက်လုပ်ခဲ့ပြီး ၁၉၉၉ ခုနှစ်တွင် မလေးရှား developer ဖြစ်သော Guoco Group သို့ ၁၁ ထပ်ရောင်းချလိုက်ပြီးနောက် လက်ရှိအားဖြင့် အထပ်ပေါင်း ၄၈ ထပ်ပိုင်ဆိုင်ထားသည်ဟု ဆိုသည်။
လီကာရှင်းသည် ၁၉၉၉ ခုနှစ်တွင် အထပ် ၆၀ မြောက်နှင့် ၇၉ ထပ်တို့ကိုလည်း ရောင်းချခဲ့သေးသည်။
ယခုဈေးနှုန်းအရဆိုလျှင် ဝယ်လက်သည် စတုရန်းတစ်ပေလျှင် ဟောင်ကောင်ဒေါ်လာ ၃၃၀၀၀ (ကန်ဒေါ်လာ ၄၂၂၆) ခန့် ပေးရမည်ဖြစ်သည်။
လီကာရှင်းသည် The Center မိုးမျှော်တိုက်ကြီးကို ပြီးခဲ့သော ၂၀၁၆ ခုနှစ်၊ သြဂုတ်လကတည်းက ဈေးကွက်တင်ရောင်းချခဲ့ခြင်းဖြစ်ပြီး ထိုစဉ်က ခေါ်ဈေးမှာ ဟောင်ကောင်ဒေါ်လာ ၃၅ ဘီလီယံ (ကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံ) ဖြစ်သည်။
ထိုစဉ်က တရုတ်အစိုးရပိုင်ကုမ္ပဏီများစွာက ဝယ်ယူရန်ကြိုးစားခဲ့ကြသေးသည်ဟု ဆိုသည်။
လီကာရှင်း၏ CK ကုမ္ပဏီသည် အိမ်ခြံမြေ စတုရန်းပေပေါင်း ၁၇ သန်းခန့် ပိုင်ဆိုင်ထားပြီး ၈၀ ရာခိုင်နှုန်းမှာ ဟောင်ကောင်တွင် တည်ရှိသည်။
တရုတ်ပြည်မကြီးမှ ရင်းနှီးမြှုပ်နှံသူများသည် ပြီးခဲ့သော ၂၀၁၆ ခုနှစ်မှစကာ ဟောင်ကောင်အိမ်ခြံမြေကဏ္ဍတွင် ဟောင်ကောင်ဒေါ်လာ ၈၁ ဒသမ ၅ ဘီလီယံ (ကန်ဒေါ်လာ ၁၀ ဒသမ ၄၄ ဘီလီယံ) ကျော်ရင်းနှီးမြှုပ်နှံခဲ့ပြီး ဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)