မြန်မာနိုင်ငံ၏ တတိယမြောက် အထူးစီးပွားရေးဇုန် ဖြစ်လာမည့် ထားဝယ် အထူးစီးပွားရေးဇုန်မှ ထိုင်းနိုင်ငံ ဘန်ကောက်မြို့အထိ လေးနာရီသာ ကြာမြင့်မည့် အမြန်လမ်းမ ဖောက်လုပ်မည်ဖြစ်ကြောင်း ထားဝယ်အထူးစီးပွားရေးဇုန်
စီမံခန့်ခွဲမှု ကော်မတီ ဒုတိယဥက္ကဋ္ဌ ဦးဖြိုးဝင်းထွန်းက ပြောကြားသည်။
လက်ရှိအချိန်တွင် အဆိုပါ အမြန်လမ်း တည်ဆောက်ရန်အတွက် ထိုင်းနိုင်ငံမှ ပညာရှင်များနှင့် ဆောက်လုပ်ရေး ဝန်ကြီးဌာနမှ အင်ဂျင်နီယာများက လေ့လာဆန်းစစ်မှုများ လုပ်ဆောင်လျက်ရှိပြီး ယင်းလမ်းတည်ဆောက်မှုသည် ၂ နှစ်ခွဲခန့် ကြာမြင့်နိုင်ကြောင်း ၎င်းက ဆိုသည်။
“စီးပွားရေးဇုန်အတွက်က လမ်းပန်းဆက်သွယ်ရေးတွေ၊ လျှပ်စစ်မီးလို အခြေခံ အဆောက်အဦတွေ လိုတယ်။ ထားဝယ် ရေနက်ဆိပ်ကမ်းကနေ ဒီလမ်းပြီးသွားရင် ထိုင်းနယ်စပ်ကို နှစ်နာရီပဲ ကြာမယ်။ ဘန်ကောက်အထိကို လေးနာရီနဲ့ ရောက်နိုင်မယ်”ဟု ၎င်းက ရှင်းပြသည်။
ယင်းလမ်းတည်ဆောက်မှုအတွက် ထိုင်းနိုင်ငံမှ ချေးငွေ ဘတ်သန်း ၄၅၀ဝ ချေးယူရန်အတွက် နှစ်နိုင်ငံအစိုးရ တာဝန်ရှိသူများအကြား သဘောတူညီမှု ရရှိထားပြီးဖြစ်ကြောင်း၊ အဆိုပါ ချေးငွေရယူရန်အတွက် ပြည်သူ့လွှတ်တော်သို့ တင်ပြပြီး လွှတ်တော်၏ အတည်ပြုချက် ရယူသွားမည်ဖြစ်ကြောင်း၊ ယင်းသို့လုပ်ငန်းစဉ် အဆင့်ဆင့်များ ပြီးစီးပါက အဆိုပါလမ်းမအတွက် ကုမ္ပဏီများကို တင်ဒါ ခေါ်ယူသွားမည်ဖြစ်ကြောင်း ထားဝယ် အထူးစီးပွားရေးဇုန် စီမံခန့်ခွဲမှု ကော်မတီထံမှ သိရသည်။
ထားဝယ် အထူးစီးပွားရေးဇုန်သည် မြေဧက ၄၈၀ဝ၀ ခန့် ကျယ်ဝန်းမည် ဖြစ်ပြီး အဆိုပါအမြန်လမ်းမသည် ထားဝယ် အထူးစီးပွားရေးဇုန်၏ ပထမအဆင့် စီမံကိန်းဖြစ်ကာ အထူးစီးပွားရေးဇုန် ဒုတိယအဆင့် စီမံကိန်းကို ထိုင်းနိုင်ငံအပြင် ဂျပန်နိုင်ငံနှင့်ပါ ပူးပေါင်း အကောင်အထည် ဖော်ဆောင်သွားမည်ဖြစ်သည်။
ထားဝယ် အထူးစီးပွားရေးဇုန်ကို အကောင်အထည်ဖော်ရန် ၂၀၁၀ ပြည့်နှစ်တွင် အီတာလျံ ထိုင်းကုမ္ပဏီနှင့် မြန်မာအစိုးရတို့အကြား လုပ်ငန်းလုပ်ကိုင်ခွင့် သဘောတူစာချုပ် ချုပ်ဆိုခဲ့ပြီး ကုမ္ပဏီက ၂၀၁၂ ခုနှစ်တွင် အထူးစီးပွားရေးဇုန် စီမံကိန်းတွင် ငွေကြေးရင်းနှီးမြှုပ်နှံမှုကို ရပ်ဆိုင်းလိုက်ကြောင်း ကြေညာခဲ့သည်။
လက်ရှိအချိန်တွင် မြန်မာနိုင်ငံ၌ ရေနက်ဆိပ်ကမ်း စီမံကိန်း ပါဝင်သော အထူးစီးပွားရေးဇုန်စီမံကိန်း သုံးခုကို လုပ်ဆောင်လျက်ရှိပြီး ရန်ကုန်မြို့ရှိ သီလဝါ အထူးစီးပွားရေးဇုန် တစ်ခုသာ လုပ်ငန်းလည်ပတ်လျက်ရှိကာ ရခိုင်ပြည်နယ်နှင့် တနင်္သာ တိုင်းဒေသကြီးတို့တွင် အကောင်အထည်ဖော်မည့် ကျောက်ဖြူ အထူးစီးပွားရေးဇုန်နှင့် ထားဝယ် အထူးစီးပွားရေးဇုန်တို့ကိုလည်း လုပ်ငန်းများ စတင် အကောင်အထည်ဖော်နိုင်ရန် လုပ်ဆောင်လျက်ရှိသည်။
Credit: The Voice