ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ ဖွဲ့စည်း ပြီးတစ်လအတွင်း ကန်ဒေါ်လာ ကိုးသန်းကျော် ရင်းနှီးမြှုပ်နှံမည့် စက်မှုလုပ်ငန်း ခြောက်ခုကို ခွင့်ပြုမိန့် ထုတ်ပေးခဲ့ကြောင်း ရန်ကုန်တိုင်းဒေသကြီး ကရင်တိုင်းရင်းသားရေးရာဝန်ကြီး နော်ပန်း သဉ္ဇာမျိုးက ပြောသည်။
ရင်းနှီးမြှုပ်နှံမှု ဥပဒေသစ် အရ တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို စက်တင်ဘာက ဖွဲ့စည်းခဲ့ပြီး တစ်လအတွင်း အဆိုပါ လုပ်ငန်းခြောက်ခုကို ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီက ခွင့်ပြုမိန့်ထုတ် ပေးခဲ့ကြောင်း ဝန် ကြီး နော်ပန်းသဉ္ဇာမျိုးက 7Day Daily သတင်းစာအား ပြောသည်။
စက်မှုကဏ္ဍအတွက် စင်ကာပူ၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံနှင့် ဟောင်ကောင်တို့က ရင်းနှီး မြှုပ်နှံမှုပမာဏ ကန်ဒေါ်လာ ၉ ဒသမ ၄၃၀ သန်းဖြင့် လုပ်ကိုင်ပြီး အလုပ်သမား သုံးထောင်ကျော် အလုပ်ပေးနိုင်မည်ဖြစ်သည်။
ရန်ကုန်မြို့တွင် ဖက်စပ်လုပ်ကိုင်မည့် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု လုပ်ငန်းတစ်ခုကို အောက်တို ဘာ ၁၁ ရက်က ပြုလုပ်သည့် ရန်ကကုန်တိုင်း ဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအစည်းအဝေး၌ လုပ်ငန်းခြောက်ခုမြောက်အဖြစ် ခွင့်ပြုမိန့်
ထုတ်ပေးခဲ့သည်။
ထိုသို့ ခွင့်ပြုခဲ့သော စက်မှု လုပ်ငန်းသည် ကန်ဒေါ်လာ ၀ ဒသမ ၇၆၇ သန်း ရင်းနှီးမြှုပ်နှံပြီး အလုပ်သမား တစ်ထောင်ကျော်ကို အလုပ်ပေးနိုင်မည်ဖြစ် ကြောင်း ရန်ကုန်တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
‘‘ပြည်နယ်နဲ့တိုင်းတွေ အကုန်က ရင်းနှီးမြှုပ်နှံမှု ဥပဒေအသစ်အရ လုပ်ပိုင်ခွင့်တွေ အကုန်ခွဲထုတ်လိုက်တယ်။ ဒါဟာ ဖက်ဒရယ်စနစ်ကို ဦးဆောင်သွားတာ။ ဒါကြောင့်မို့လို့ တိုင်းနဲ့ပြည်နယ်တိုင်းမှာ ဝန်ကြီးချုပ်တွေကဥက္ကဋ္ဌဖြစ်တယ်။ သက်ဆိုင်ရာ ဝန်ကြီးတွေက အဖွဲ့ဝင်ဖြစ်ပြီးတော့ရင်းနှီးမြှုပ်နှံမှုတွေ မြန်ဆန်လွယ်ကူအောင် One Stop Service အဖြစ် ဝန်ဆောင်မှုပေးပြီးတော့ စတင်ဆောင်ရွက်နေပြီ ဖြစ်ပါတယ်’’ဟု ဝန်ကြီး နော်ပန်းသဉ္ဇာမျိုးက စက်တင်ဘာလကပြောခဲ့သည်။
လက်ရှိ ကျင့်သုံးနေသော စနစ်အရ မတည်ငွေရင်းပမာဏ ကန်ဒေါ်လာ ငါးသန်း (သို့မဟုတ်) ကျပ်သန်း ၆၀၀ ထက်မပိုသောရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများ လျှောက်ထားမှုကို တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှု ကော်မတီက ၁၀ ရက်အတွင်း စိစစ်ခွင့်ပြုပေးနေသည်။
အဆိုပါ တိုင်းဒေသကြီး၊ ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီများကို စက်တင်ဘာကစတင်ဖွဲ့စည်းပြီး ဒေသအလိုက် ရင်းနှီးမြှုပ်နှံမှုများ စိစစ်ဆောင်ရွက်ပေးနေသည်။
Credit: 7Daydaily