တနင်္သာရီတိုင်းဒေသကြီး ကော့သောင်း ခရိုင် ဘုတ်ပြင်းမြို့နယ် လမ်းပိအဏ္ဏဝါ အမျိုးသားဥယျာဉ် ဝါးအလယ်ကျွန်းတွင် အကောင်အထည်ဖော် ဆောင်ရွက်မည့် သဘာဝအခြေခံ ခရီးသွားအပန်းဖြေစခန်း တည်ဆောက်ခြင်း စီမံကိန်းကို Benchmade Asia (Myanmar Ltd) က အမေရိကန်ဒေါ်လာ ၁၀ သန်း ရင်းနှီးမြှုပ်နှံ၍ လာမည့် သုံးနှစ်အတွင်း အပြီးသတ် အကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း ဘုတ်ပြင်း မဲဆန္ဒနယ်အမှတ် (၁) တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးတင်ထွန်းက အောက်တိုဘာ ၁၆ ရက်၌ ပြောဆိုသည်။
"ဒီနေ့ ကျွန်းမှာ အကောင်အထည်ဖော်ဆောင်ရွက်နေတဲ့ အခြေအနေကိုကြည့်ဖို့ သွားတာ လှိုင်းတွေကြီးနေလို့ ပြန်လာရတယ်။တည်ဆောက်မယ့်ကာလ ၄၂ လပေးထား တယ်။ ၂၀၁၅ ခုနှစ် အောက်တိုဘာ ၁၅ ရက် ကစပြီးခွင့်ပြုထားကာ ၂၀၁၉ ခုနှစ်မှာ ဒီစီမံကိန်းပြီးစီးမှာ ဖြစ်ပါတယ်။ စီမံကိန်းပြီး ရင်တော့ ကမ္ဘာ့လှည့်ခရီးသွားဧည့်သည်တွေ လာရောက် လည်ပတ်မှုပိုမိုများပြားလာနိုင်ပါ တယ်" ဟု ၎င်းက သုံးသပ်ပြောဆိုသည်။
သဘာဝပတ်ဝန်းကျင်ထိခိုက်မှု ဆန်းစစ်ခြင်း ဆောင်ရွက်ပြီးစီးမှု လုပ်ငန်းစဉ်များဖြစ် သည့် ဇီဝမျိုးစုံမျိုးကွဲ စီမံခန့်ခွဲမှုအစီအစဉ် များ၊ လူမှုစီးပွားဝန်းကျင်ဆိုင်ရာ ယဉ်ကျေးမှု အမွေအနှစ်များ ရောယှက်ပြောင်းလဲမှုလျှော့ ချခြင်းအစီအစဉ်များ၊ ပတ်ဝန်းကျင်ဆိုင်ရာ လေထုအရည်အသွေး၊ ရေထုအရည်အသွေး ဆန်းစစ်တိုင်းထွာမှုဆိုင်ရာများ၊ စီမံကိန်းကာလ အတွင်း ဖြစ်ပေါ်လာနိုင်သည့် ဆိုးကျိုး၊ ကောင်း ကျိုးများ၊ စွန့်ပစ်အမှိုက်နှင့် အညစ်အကြေးများ စီမံခန့်ခွဲမှုနှင့် ဆီယိုဖိတ်မှုတုံ့ပြန်သည့် အစီ အစဉ်များ၊ ဒေသခံ ဆလုံလူမျိုးများနှင့် ပြည်သူ များ၏ လူမှုရေး၊ ကျန်းမာရေး၊ စီးပွားရေး အန္တရာယ်ကင်းရှင်းစေရေးနှင့် တာဝန်ယူမှု စသည့် အစီအစဉ်များနှင့် ပတ်သက်၍ E Guard Environmental Services Co.,Ltd Consultationဒေါ်မို့မို့ခိုင်က အောက်တိုဘာ ၁၆ ရက်တွင် ပြုလုပ်သည့် အဆိုပါစီမံကိန်းနှင့်ပတ်သက်၍ ပတ်ဝန်းကျင် ထိခိုက်မှု ဆန်းစစ်ခြင်းလုပ်ငန်း (Environmental Impact Assessment- EIA) နှင့် သတင်းအချက်အလက်များအား အများပြည်သူ သို့ တင်ပြဆွေးနွေးပွဲ၌ ရှင်းလင်းပြောဆိုခဲ့သည်။
ဝါးအလယ်ကျွန်း သဘာဝအခြေခံ ခရီးသွားအပန်းဖြေစခန်း စီမံကိန်းလုပ်ငန်းကိုBenchmade Asia (Myanmar Ltd) က ၂၀၁၄ ခုနှစ်က ပတ်ဝန်းကျင်ထိန်းသိမ်းရေး နှင့် သစ်တောရေးရာဝန်ကြီးဌာန သစ်တော ဦးစီးဌာန၏လုပ်ကိုင်ခွင့် တင်ဒါအောင်မြင် ခဲ့ပြီး ၃,၉၃၄ ဧကရှိ ကျွန်းဧရိယာမှ ၁၀၅ ဧက ကို အသုံးပြုကာ သစ်ပင် ကျက်စားနေထိုင် သည့် ရေနေ၊ ကုန်းနေသတ္တဝါဂေဟစနစ်နှင့် သဘာဝ ပတ်ဝန်းကျင် ထိခိုက်ပျက်စီးမှုမရှိ စေဘဲ အဏ္ဏဝါဇီဝဗေဒ ကျောင်းသားများ ကမ္ဘာအရပ်ရပ်မှ သုတေသနပညာရှင်များ သုတေသနပြုလုပ်ရန်နှင့် ခရီးသွားဧည့်သည် များအနားယူအပန်းဖြေနိုင်ရေး ရည်ရွယ်ကာ အကောင်အထည်ဖော်ဆောင်ရွက်နေ ခြင်းဖြစ်ကြောင်း သိရသည်။
Credit: Myanmar Times