မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် တို့ အကျိုးတူပူးပေါင်း အကောင်အထည်ဖော်သည့် မြို့သာစက်မှုစီမံကိန်းကို လွန်ခဲ့သော လေးနှစ် ၂ဝ၁၃ ခုနှစ်တွင် မန္တလေးတိုင်း၊ ငါန်းဇွန်မြို့နယ်၌ စတင်ခဲ့သည်။
အဆိုပါစီမံကိန်းအတွက် မြေနေရာရွေးချယ်ရာတွင် တောင်သူများ မနစ်နာစေရန် သဘာဝအတိုင်း တည်ရှိနေသည့် စားကျက်မြေ ၈,၄၉ဝ ဧကနှင့် အသုံးချခြင်းမရှိသော အခြားမြေ ၁,၉၉၉ ဧကတို့ကို ရွေးချယ်ခဲ့ကြောင်း ငါန်းဇွန်မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာနက ထုတ်ပြန်ခဲ့သည်။
သို့သော်ငြားလည်း ပြင်သစ်နိုင်ငံအခြေစိုက် International Federation for Human Rights (FIDH) က စက်တင်ဘာ ၂၇ ရက်တွင် ထုတ်ပြန်ခဲ့သည့် 'သောကမြေ' ဟုအမည်ရသော အစီရင်ခံစာတွင် ထိုစီမံကိန်းလုပ်ဆောင်ရန် ဒေသခံလယ်သမားများ၏ မြေယာများကို အာဏာပိုင်များက တိုင်းတာ တွက်ချက်ရာတွင် သိသိသာသာ လျှော့ပေါ့တွက်ချက် မှုများရှိခဲ့ကြောင်း၊ လယ်သမားများက မိမိတို့ အသုံးပြုနေသည့်မြေဟု ပြောဆိုသည့်ပမာဏ၏ ဆယ်ပုံတစ်ပုံမှ လေးပုံတစ်ပုံအထိသာ ထည့်သွင်းတွက်ချက်မှုများ ရှိခဲ့ကြောင်း ဖော်ပြခဲ့သည်။
ထိုစွပ်စွဲချက်ကို ''ကျွန်တော်တို့အနေနဲ့ မြေတိုင်း တဲ့အခါ ဘယ်လိုစနစ်သုံးလဲဆိုတော့ တောင်သူတွေအားလုံး မိမိအကွက်က မိမိစောင့်ပါ။ မိမိလုပ်နေတဲ့ အတိုင်းအတာကို မိမိကိုယ်တိုင်လိုက်ပြ။ သူတို့လိုက်ပြတဲ့ဧရိယာအတိုင်းပဲ မှတ်သားပါတယ်။ မှတ်သားပြီးတော့ တောင်သူကို လျော်ကြေး ထုတ်ပေးတာပါ။ အဲဒီတော့ ဒီအပေါ်မှာ မသာမာမှု လုပ်ဖို့ရာ ဘယ်အကြောင်းရင်းနဲ့မှ လုပ်လို့မရပါဘူး''ဟု ငါန်းဇွန်မြို့နယ် ကြေးတိုင်နှင့် မြေစာရင်းဦးစီးဌာန ဒုတိယဦးစီးမှူး ဦးထွန်းစိုးက တုံ့ပြန်ပြောကြားသည်။
ပထမအကြိမ်မြေတိုင်းတာမှုကို ခရိုင်အဆင့်ဖြင့် ဆောင်ရွက်ခဲ့ပြီး မြေဧက ၄,၉ဝ၁ ရှိခဲ့ကြောင်း၊ တိုင်းတာမှု မမှန်သဖြင့် ပြန်လည်တိုင်းတာပေးရန် တောင်သူများကတောင်းဆိုသောကြောင့် တိုင်းအဆင့်ရှိ အရာရှိများက ပြန်လည်တိုင်းပေးခဲ့ရာတွင် မြေဧက ၅,ဝ၅၂ ဧကရှိခဲ့သဖြင့် ဧက ၁၅ဝ ကျော် ပိုထွက်လာသည်တော့ရှိခဲ့ကြောင်း ၄င်းက ပြောသည်။
''စီမံကိန်းဧရိယာထဲမှာမှ တောင်သူရဲ့ ဦးပိုင်ပေါက်မြေက ၉၈၆ ဧကပဲရှိပါတယ်။ ဒါပေမဲ့ စားကျက်မြေနဲ့ အခြားမြေတွေမှာ တောင်သူတွေ ဝင်ရောက်လုပ်ကိုင်တာရှိတယ်။ အဲဒီတော့ တိုင်းအစိုးရ က အဲဒီမြေတွေကို တိုင်းတာခိုင်းတယ်။ သူတို့ကိုလည်း သင့်တင့်တဲ့လျော်ကြေးတစ်ခု ပေးမယ်ဆိုပြီး အစီအစဉ်ဆွဲခဲ့တာပါ''ဟု ဦးထွန်းစိုးက ပြောသည်။
မန္တလေးမြို့သာ စက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးထွန်းရင်က ''စားကျက်နဲ့ အခြားမြေဆိုတာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက စီမံခန့်ခွဲရတဲ့ မြေပါ။ ဝင်စိုက်ရင် ဥပဒေအရ တရားစွဲနိုင်တဲ့မြေပါ။ ဒါပေမဲ့ တရားစွဲရမယ့်အစား အရင်ဝန်ကြီးချုပ်ကြီးက ကျူးစိုက်နေတဲ့ဧကတွေကို လိုက်တိုင်းပြီးမှ သီးနှံလျော်ကြေးအနေနဲ့ ကျပ်ငါးသိန်းပေးခိုင်းပါတယ်။ အမှန်က လျော်စရာတောင်မလိုတဲ့ မြေဖြစ်ပါတယ်''ဟု ပြောသည်။
မည်သို့ပင်ဖြစ်စေ စီမံကိန်းစတင်ချိန်တွင် မြေယာ လျော်ကြေးမညီမျှခြင်း၊ လျော်ကြေးယူမထားသည့် မြေယာများ၌ တောင်သူများ၏ ထွန်ယက်စိုက်ပျိုးမှုကို ကုမ္ပဏီဘက်က တားဆီးခြင်း၊ စိုက်ပျိုးသီးနှံများကို ဘူဒိုဇာဖြင့် ထိုးခြင်းများကြောင့် တောင်သူများ၏ ဆန္ဒပြမှုများ၊ ထွန်တုံးတိုက်ပွဲများ၊ ထိပ်တိုက်တွေ့ဆုံမှု များဖြစ်ပေါ်ခဲ့ပြီး တောင်သူများကို တရားစွဲဆို ထောင်ချခြင်းများ ရှိခဲ့သည်။
မြို့သာစက်မှုဥယျာဉ်မြို့တော် အကောင်အထည်ဖော်ရန်အတွက် မြေယာသိမ်းဆည်းမှုများ၊ မြေယာရှင်းလင်းမှုများကို ဆန့်ကျင်ရန်ကြိုးပမ်းမှုကြောင့် ဒေသခံလယ်သမားများနှင့် ရွာသူ၊ ရွာသား အနည်းဆုံး ၅၅ ဦး ဖမ်းဆီးထိန်းသိမ်းခြင်းနှင့် တရားစွဲဆိုခြင်းခံခဲ့ရကြောင်း သောကမြေအစီရင်ခံစာ တွင် ဖော်ပြထားသည်။
FIDH က မန္တလေးမြို့သာ စက်မှုဥယျာဉ်စီမံကိန်း တွင် လူ့အခွင့်အရေးချိုးဖောက်မှုများ ရှိကြောင်း စွပ်စွဲထားသော်လည်း အဆိုပါစီမံကိန်းသည် ပွင့်လင်း မြင်သာသော စီမံကိန်းဖြစ်သည်ဟု မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့က တုံ့ပြန်ထားခဲ့သည်။
ယခင်အစိုးရလက်ထက်တွင် ဆောင်ရွက်ခဲ့သော စီမံကိန်းများကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရလက်ထက်တွင် ပြန်လည်စိစစ်မှုများ ပြုလုပ်ခဲ့ကြောင်း၊ မန္တလေး မြို့သာစက်မှုဥယျာဉ်စီမံကိန်းကို တိုင်းဒေသကြီးဝန်ကြီးချုပ်အပါအဝင် ဝန်ကြီးသုံးဦးပါကော်မတီဖွဲ့ပြီး ကွင်းဆင်းလေ့လာမှုများ ပြုလုပ်ခဲ့ကြောင်း မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီး ဦးမြတ်သူက ပြောသည်။
''ဒီစီမံကိန်းဟာ မြန်မာနိုင်ငံမှာ ရန်ကုန်စီးပွားရေး ဒေသကလွဲရင် စနစ်ကျပြီးတော့ အကောင်အထည် ဖော်တဲ့အခါ ထင်သာမြင်သာရှိတဲ့ စီမံကိန်းတစ်ခုဖြစ်တယ်ဆိုတာ တွေ့ရပါတယ်''ဟု ဝန်ကြီးဦးမြတ်သူ က ပြောသည်။
မန္တလေးမြို့သာ စက်မှုဥယျာဉ်မြို့တော် စီမံကိန်းအတွင်း လွန်ခဲ့သည့်သုံးနှစ်က သိမ်းဆည်းခံမြေများပေါ် ထွန်ယက်စိုက်ပျိုးမှုအတွက် ရဲနှင့် တောင်သူ ထိပ်တိုက်တွေ့ဆုံမှုများရှိခဲ့သော်လည်း ယခုအခါ ငြိမ်သက်နေသည်။
ယမန်နှစ်ကစ၍ စီမံကိန်းဧရိယာအတွင်း ပါဝင်သော်လည်း လုပ်ငန်းအကောင်အထည်မဖော် နိုင်သေးသည့် လယ်ယာမြေများတွင် တောင်သူ များက စိုက်ပျိုးရေးလုပ်ငန်းများ ပြန်လည် လုပ်ကိုင်နေကြပြီဖြစ်သည်။
စက်မှုဇုန်စီမံကိန်းဧရိယာအတွင်း ကျေးရွာ ၁၄ ရွာမှ စိုက်ပျိုးမြေများပါဝင်ပြီး မြေယာလျော်ကြေးယူထားသည့် တောင်သူများရှိသလို မြေယာလျော်ကြေးမယူသေးသည့် တောင်သူများလည်း ကျန်နေသည်။
''၂ဝ၁၄၁၅ ခုနှစ်မှာ မစိုက်ရဘူး။ ၂ဝ၁၆၁၇ ခုနှစ်မှာ စိုက်လို့ရတယ်။ ကျွန်တော့်မြေမှာ ထွန်တဲ့အခါ မထွန်ရဘူးလို့တော့ လာမတားတော့ဘူး။ တစ်ခါတလေ ဓာတ်ပုံလာရိုက်တာတော့ရှိတယ်''ဟု စီမံကိန်းအတွင်း မြေဧက ၂ဝ ပါသွားပြီး လျော်ကြေးမယူသေးသည့် သံဘိုရွာသား တောင်သူ ဦးကျော်ရွှေက ပြောသည်။
စီမံကိန်းတွင် ပါဝင်သည့် ဦးပိုင်ပေါက် လယ်ယာ မြေဧက ၁,ဝဝဝ နီးပါးအနက် အများစုဖြစ်သော၉၃၇ ဧကကို လျော်ကြေးပေးပြီးဖြစ်သလို၊ နိုင်ငံပိုင်မြေပေါ်တွင် ကျူးကျော်စိုက်ထားသည့် ဧက ၅,ဝဝဝ ကျော်တွင်လည်း ဧက ၄,ဝဝဝ ကျော်အတွက် လျော်ကြေးပေးပြီဖြစ်ကြောင်း မန္တလေးမြို့သာစက်မှုဖွံ့ဖြိုးတိုးတက်ရေး အများပိုင်ကုမ္ပဏီလီမိတက် အထွေထွေမန်နေဂျာ ဦးထွန်းရင်က ပြောသည်။
အခြားတစ်ဖက်တွင်မူ တောင်သူများက မြေတစ်ဧကလျှင် ကျပ်သိန်း ၂ဝ လျော်ကြေးပေးရန် တောင်းဆိုထားသော်လည်း ကုမ္ပဏီက စားကျက်မြေနှင့် အခြားကျူးစိုက်မြေများအတွက် တစ်ဧကလျှင် ကျပ် ငါးသိန်းနှင့် ဦးပိုင်ပေါက် လယ်ယာမြေ တစ်ဧကအတွက် ကျပ် သိန်း ၂ဝ ဟူ၍ ခွဲခြားကာ နစ်နာကြေးပေးရန် သတ်မှတ်ထားသည်။
''တောင်သူတွေဘက်က ရှင်းပါတယ်။ သူတို့တောင်းဆိုထားတဲ့လျော်ကြေး ရမယ်ဆိုရင်တော့ စက်မှုဇုန်ထဲဝင်ပြီး စိုက်မှာမဟုတ်တော့ဘူး''ဟု ငါန်းဇွန်မြို့နယ် အမှတ်(၁) တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်သဲစုဝေက ပြောသည်။တောင်သူများကို မြေတစ်ဧကလျှင် ကျပ်သိန်း ၂ဝ လျော်ကြေးပေးလျော်ရန်နှင့် ကျပ်ငါးသိန်း လျော်ကြေးပေးထားသော တောင်သူများကို ကျပ် ၁၅ သိန်း ဖြည့်စွက်ပေးရန်၊ မြေကွက်လည်း အစားထိုးပေးရန် တိုင်းအစိုးရထံ ယမန်နှစ်ကတင်သွင်းခဲ့သည့် အစီရင်ခံစာထဲတွင် ထည့်သွင်း ရေးသားခဲ့ကြောင်း ၄င်းက ပြောသည်။
''မြေကွက်ရမယ်ဆိုရင် စက်မှုဇုန်ကြီး အောင်မြင် သွားတဲ့အခါ တောင်သူတွေအတွက် နေစရာရမယ်။ စိုက်ပျိုးရေးပဲ လုပ်ချင်တယ်ဆိုရင်တော့ အစားထိုးဝယ်ဖို့အတွက် ရောင်းဖို့ မြေရသွားတာပေါ့''ဟု ဒေါ်သဲစုဝေက ဆိုသည်။
မြေယာလျော်ကြေးထုတ်ယူရန် ကုမ္ပဏီဘက်က တောင်သူများကို အကြောင်းကြားထားသော်လည်း တောင်းဆိုထားသည့် တစ်ဧက ကျပ်သိန်း ၂ဝ ရရှိမှသာ လျော်ကြေးထုတ်ယူမည်ဟု တောင်သူများက တင်းခံထားသည်။
ထို့ပြင် စီမံကိန်းအတွင်း အလုပ်အကိုင် အခွင့်အလမ်းများတွင်လည်း မြေယာသိမ်းဆည်းခံ တောင်သူများကို ဦးစားပေးခန့်ထားရန် ရွာသူ၊ ရွာသားများက လိုလားလျက်ရှိသည်။
''စီမံကိန်းထဲမှာ လုပ်ငန်းတွေ လည်ပတ်မယ် ဆိုရင် သိမ်းဆည်းခံတောင်သူတွေကို ဦးစားပေး အလုပ်ခန့်အပ်မယ်လို့ အုပ်ချုပ်ရေးရော၊ ကုမ္ပဏီဘက် ကရော ပြောထားတာရှိတယ်။ ဒီလိုဆိုရင် မပြေလည်သေးတာ ပြေလည်သွားမယ်။ ဒေသခံတွေအတွက်ဘာမှနစ်နာချက်ရှိမှာ မဟုတ်တော့ဘူး''ဟု သံဘိုကျေးရွာက ဆရာတော် ဦးဝိလာသက မိန့်ကြားသည်။
မြေယာလျော်ကြေးကိစ္စများ ကျန်ရှိနေသေးသော် လည်း အမေရိကန်ဒေါ်လာ နှစ်သန်းခန့် အကုန်အကျခံပြီး Master Plan ရေးဆွဲထားသည့် ဧကပေါင်း ၂၆ဝ,ဝဝဝ ပါဝင်သော မြို့သာစီမံကိန်းကြီးအတွင်းရှိဧက ၁၂,ဝဝဝ ပါဝင်သည့် မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်းသည် နိုင်ငံခြား သို့မဟုတ် ဖက်စပ်ရင်းနှီးမြုပ်နှံမှုများဖြင့် အသက်ဝင်နေပြီဖြစ်သည်။
ရင်းနှီးမြုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်ဖြင့် ယမန်နှစ်မှစ၍ အင်ဒိုနီးရှား၊ ဟောင်ကောင်၊ တရုတ်၊ ဒိန်းမတ်၊ ထိုင်းနိုင်ငံတို့က တိရစ္ဆာန်အစာစပ်စက်ရုံ၊ အထပ်သားစက်ရုံ၊ မုန့်စက်ရုံ၊ ကွန်ကရစ်ပစ္စည်းစက်ရုံ များ လည်ပတ်နေပြီဖြစ်သည်။ လာရောက် ရင်းနှီးမြပ်နှံသူများကိုလည်း ဖွံ့ဖြိုးမှုနည်းသည့်ဒေသတွင် လုပ်ကိုင်ခြင်းဖြစ်သဖြင့် ဝင်ငွေခွန် ခုနစ်နှစ် ကင်းလွတ်ခွင့်ပြုထားသည်။
ထို့ပြင် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ပေါင်ဆန်း ပြည်နယ်ခွဲက Tenchong Industrial Park Investment Development Co.,Ltd သည် မန္တလေးမြို့သာစက်မှုဥယျာဉ်စီမံကိန်းအတွင်း မြေဧက ၃၂၃ ဧကတွင် ရင်းနှီးမြုပ်နှံမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၃၉ဝ ရှိသည့် မြို့ပြစက်မှုဇုန်စီမံကိန်း တစ်ခုကို မကြာမီစတင်တော့မည်ဖြစ်သည်။
''မြို့သာစက်မှုဇုန်ကြီးက မဆောက်ခင်ကတည်းက Master Plan နဲ့ လုပ်ထားတဲ့အတွက် တကယ်ဖွံ့ဖြိုး လာရင် မန္တလေးတိုင်းဒေသကြီးအတွက်သာမက နိုင်ငံအတွက်ပါ အကျိုးရှိနိုင်ပါတယ်''ဟု မန္တလေးစက်မှုဇုန်စီမံခန့်ခွဲရေးကော်မတီ တွဲဖက်အတွင်းရေးမှူး ဦးရဲဝင်းအောင်က ပြောသည်။
Credit: Myanmar Times