ကမ္ဘာကျော်အင်္ဂလိပ်တီးဝိုင်းကြီး The Police ၏ ရှေ့ထွက်အဆိုတော်ဟောင်းတစ်ဦးဖြစ်သူ စတင်းသည် မန်ဟက်တန် duplex penthouse ခန်းကို
ကန်ဒေါ်လာ သန်း ၅၀ ဖြင့် အရောင်းဈေးကွက်တင်လာသည်။
စတင်းသည် ဂရမ်မီဆု ၁၆ ကြိမ်ရအဆိုရှင်ဖြစ်ပြီး ကမ္ဘာဂီတလောကတွင် ဂန္ထဝင်တစ်ဦးအဖြစ် သတ်မှတ်ခြင်းခံထားရသူလည်း ဖြစ်သည်။
စတင်းနှင့် ဇနီးဖြစ်သူ ထရူဒီ စတိုင်လာတို့သည် အဆိုပါ penthouse ခန်းကို ၂၀၀၈ ခုနှစ်ကတည်းက ပိုင်ဆိုင်ထားခဲ့ကြခြင်း ဖြစ်သည်။
နယူးယောက်မြို့၊ မန်ဟက်တန်အရပ်၊ Central Park West တွင် တည်ရှိသည်။
စတင်းတို့ ဇနီးမောင်နှံသည် အဆိုပါအခန်းကို ယခုနှစ်အစောပိုင်းက ကန်ဒေါ်လာ ၅၆ သန်းဖြင့် အရောင်းဈေးကွက်တင်ခဲ့သေး သော်လည်း ရောင်းမထွက်ခဲ့ချေ။
အဆိုပါအခန်းကို စတင်းတို့ ဝယ်ယူခဲ့စဉ်က ကန်ဒေါ်လာ ၂၇ သန်းသာ ပေးခဲ့ရရာ ယခုခေါ်ဈေးဖြင့်ရောင်းထွက်လျှင် ကန်ဒေါ်လာ ၂၃ သန်းခန့် မြတ်စွန်းမည် ဖြစ်သည်။
ယခုအခန်းကို ရောင်းချပြီးပါက အမှတ် ၂၂၀၊ Central Park South ရှိ အဆောက်အအုံသစ်သို့ ပြောင်းရွှေ့ရန် စီစဉ်ထားသည်ဟူသည့် သတင်းများလည်း ရှိသည်။
ထူးခြားချက်မှာ ယခုရောင်းချမည့်အခန်းနှင့် ပြောင်းရွှေ့မည့်အခန်းများတည်ရှိရာ အဆောက်အအုံများကို ဒီဇိုင်းရေးဆွဲခဲ့သည့် ဗိသုကာပညာရှင်မှာ ရောဘတ် အေ-အမ် စတန်း ဖြစ်သည်။
ယင်းအခန်းတွင် အိပ်ခန်း ၃ ခန်းပါဝင်ပြီး အကျယ်အဝန်း ၅၅၀၀ စတုရန်းပေရှိကာ လသာဆောင်နေရာ အကျယ်အဝန်း ၄၀၀ စတုရန်းပေခန့် ပါဝင်သည်။
အတွင်းပိုင်းကို ဒီဇိုင်နာ လီမင်ဒယ်လ်က မွမ်းမံပေးထားပြီး အရောင်းဈေးကွက်တင်သည်မှာ Corcoran အိမ်ခြံမြေအကျိုးဆောင်ကုမ္ပဏီ ဖြစ်သည်။
The Police သည် အင်္ဂလိပ်တီးဝိုင်းကြီးဖြစ်ပြီး ၁၉၇၇ ခုနှစ်တွင် လန်ဒန်မြို့တွင် စတင်ဖွဲ့စည်းခဲ့သည်။
စတင်ဖွဲ့စည်းစဉ်က ပါဝင်ခဲ့သူများမှာ စတင်း (ရှေ့ထွက်အဆိုတော်၊ ဘေ့စ်ဂစ်တာ၊ တေးရေး) ၊ အင်ဒီ ဆမ်းမားစ် (ဂစ်တာ) ၊ စတီးဝပ် ကုတ်ပ်လန်း (ဒရမ်၊ ပါကပ်ရှင်း) တို့ဖြစ်ကြသည်။
၁၉၇၀ ပြည့်လွန်နှောင်းပိုင်း ကာလများနှင့် ၁၉၈၀ ပြည့်လွန်အစောပိုင်းကာလများတွင် တစ်ကမ္ဘာလုံးအတိုင်းအတာ ကျော်ကြားလာခဲ့သည်။
၎င်းတို့၏ အဓိကဂီတအမျိုးအစားများမှာ ပန့်ခ်၊ ရစ်ဂေးနှင့် ဂျပ်ဇ်တို့ ဖြစ်ကြသည်။
နောက်ဆုံးတေးအယ်လ်ဘမ်ဖြစ်သော Synchronicity (၁၉၈၃) သည် အမေရိကန်ပြည်ထောင်စုနှင့် ဗြိတိန်တို့တွင် နံပါတ်တစ်နေရာ ချိတ်ဆွဲခဲ့ပြီး အမေရိကန်ပြည်ထောင်စုတစ်ခုတည်းတွင် ချပ်ရေ ၈ သန်းကျော် ရောင်းချခဲ့ရသည်။
The Police သည် ကမ္ဘာတစ်ဝန်းတွင် တေးအယ်လ်ဘမ် ချပ်ရေပေါင်း ၇၅ သန်းကျော်ရောင်းချခဲ့ရပြီးဖြစ်ကာ သမိုင်းတစ်လျှောက် အရောင်းရဆုံးအနုပညာရှင်များစာရင်းတွင် ပါဝင်သည်။
ဂီတဆုများအလည်း အများအပြားရရှိခဲ့ရာ ဂရမ်မီဆု ၆ ကြိမ်၊ Brit Awards ဆု ၂ ကြိမ်၊ MTV Video Music ဆု တစ်ကြိမ် ရရှိခဲ့သည်။
၎င်းတို့၏ စတူဒီယို တေးအယ်လ်ဘမ် ၅ ခုအနက် ၄ ခုမှာ ရိုးလင်းစတုန်းမဂ္ဂဇင်းကြီး၏ သမိုင်းတစ်လျှောက် အခမ်းနားဆုံးတေးအယ်လ်ဘမ် ၅၀၀ စာရင်းတွင် ဖော်ပြခြင်း ခံထားရသည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)