နယူးယောက်တိုင်းမ်သတင်းစာကြီး၏ အရောင်းရဆုံးစာရေးဆရာ စတီဗင် ဂိမ်းစ်သည် နယူးယောက်မြို့၊ လောင်းအိုင်းလန်းအရပ်၊ ဟမ့်ပ်တန်မြို့ရှိ နေအိမ်ကို ကန်ဒေါ်လာ ၂ ဒသမ ၉၅ သန်းဖြင့် ရောင်းချရန် ဈေးကွက်တင်လာသည်။
စတီဗင်သည် အဆိုပါဝန်းကျင်တွင် နေထိုင်ရင်း သူ၏ ၁၉၉၈ ခုနှစ်ထုတ် စာအုပ်ဖြစ်သော "Philistines at the Hedgerow" ၊ ၂၀၀၅ တွင် "The Sky's the Limit" စာအုပ်များ ရေးသားခဲ့ခြင်း ဖြစ်သည်။
ယင်းနေအိမ်ကို စတီဗင်ဝယ်ယူခဲ့ပြီးနောက် ယခုအခါ ပထမဆုံးအကြိမ်အရောင်းဈေးကွက် ဝင်လာခြင်းလည်း ဖြစ်သည်။
အိပ်ခန်း ၄ ခန်းနှင့် ရေချိုးခန်း ၃ ခန်းပါဝင်ပြီး နေအိမ်အကျယ်အဝန်း ၃၂၀၀ စတုရန်းပေရှိကာ ခြံဝန်းမှာ တစ်ဧကခန့် ကျယ်ဝန်းသည်။
ပင်မအခန်းကြီးတစ်ခုမှာ ပေ ၇၀ ခန့်အလျားရှိပြီး ကြီးမားသော မှန်ဆလိုက်တံခါးများမှတဆင့် ရေကူးကန်ရှိရာသို့ ရောက်ရှိနိုင်သည်။
နေအိမ်အတွင်းတွင် မှန်နံရံများဖြင့်သာ ကာရံထားသည့် greenhouse တစ်ခန်းလည်း ပါဝင်သည်။
နေအိမ်ကို တွေ့မြင်လိုက်ရုံမျှဖြင့် စတီဗင်အဘယ်ကြောင့် စိတ်ကူးကောင်းများ ထွက်ပေါ်ခဲ့သည်ကို ခံစားသိမြင်နိုင်ဖွယ်ရှိသည်။
ဟမ့်ပ်တန်တွင် အကျော်ကြားဆုံးကမ်းခြေမှာ နေအိမ်နှင့် တစ်မိုင်ပင် မကွာဝေးချေ။
နေအိမ်တည်နေရာမှာ ဟမ့်ပ်တန်မြို့၊ ဝက်စ်ဝုဒ်လမ်း၊ အမှတ် ၁၁ တွင် ဖြစ်သည်။
ယင်းနေအိမ်သည် ယခင်က ၁၉၇၀ ပြည့်လွန်နှစ်များအတွင်း နာမည်ကျော် ဒစ္စကိုကလပ်ဖြစ်သော The Swamp ၏ ပိုင်ရှင် ဘီလ်ဟစ်ဂင်စ် ပိုင်ဆိုင်ခဲ့သည့် နေအိမ်ဖြစ်သည်။
စတီဗင်သည် ယခုအခါ သူ၏နောက်ဆုံးထုတ်ဝေထားသည့် "One of These Things First" စာအုပ်အရောင်းမြှင့်တင်ရေးခရီးစဉ်များ ထွက်ခွာလျက်ရှိနေသည်။
နေအိမ်ကို အရောင်းဈေးကွက်တင်လာသည်မှာ Douglas Elliman အိမ်ခြံမြေကုမ္ပဏီမှ ဖြစ်သည်။
လေဝင်လေထွက်ကောင်းမွန်သည့် ပင်မအခန်းတွင် ဧည့်ခန်း၊ ညစာစားခန်းနှင့် မီးဖိုဆောင်တို့ ဆက်စပ်နေပြီး သဘာဝအလင်းရောင် ကောင်းမွန်စွာရသည့် အခန်းဖြစ်သည်။
Credit: iMyanmarHouse.com
(iMyanmarHouse.com Team မှ ရေးသား ဖော်ပြသည်။)